Spitfire လေယာဉ်အသစ်စက်စက်တွေကို မြန်မာနိုင်ငံအတွင်း နေရာ (၃) နေရာမှာ မြှပ်နှံထားပြီး၊ အဲဒီထဲက တစ်နေရာကတော့ ရန်ကုန်နိုင်ငံတကာ လေယာဉ်ကွင်းရဲ့အောက် အနက် (၃၃) ပေ မှာ အလုံပိတ် သေတ္တာကြီးတွေနဲ့ ်မြှပ်နှံထားကြောင်း၊ (၃၆) စင်းလောက်ရှိမယ်လို့ ယုံကြည်ရကြောင်း မစ္စတာ Cundall က ပြောပါတယ်။
အဲဒီ ဗြိတိန်နိုင်ငံလုပ် တစ်ယောက်စီး Spitfire လေယာဉ်တွေကို ၁၉၄၅ ခုနှစ် မြန်မာပြည်ကို ဂျပန်အဝင်မှာ ဂျပန်စစ်တပ်တွေ မတွေ့ရအောင် ဗြိတိသျှစစ်တပ်က မြေအောက်မှာ လျှို့ဝှက်မြှပ်နှံခဲ့တယ်လို့ ယူဆကြပါတယ်။
ဦးဆောင်ရှာဖွေသူ မစ္စတာ Cundall ဟာ လယ်သမားတစ်ဦးဖြစ်ပြီး၊ လေယာဉ်ဝါသနာအိုး တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလေယာဉ်တွေနဲ့ ပတ်သက်ပြီး မစ္စတာ Cundall က မိမိအနေနဲ့ ဒီလေယာဉ်တွေရဲ့ သဲလွန်စကို (၁၆) နှစ်တိုင်တိုင် စုံစမ်းခဲ့ပြီး၊ (၁၆) ကြိမ် ခရီးထွက်ခဲ့ရပါတယ်။
မျက်မြင်သက်သေတွေထဲမှာ အမေရိကန်လေတပ်သားဟောင်းတစ်ယောက်နဲ့ လေယာဉ်တွေ်မြှပ်နှံရာမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာလူမျိုးတွေ ပါဝင်ကြပါတယ်၊ သူတို့အားလုံးက နေရာတစ်နေရာတည်းကို ညွှန်ပြခဲ့ကြပါတယ်လို့ ပြောဆိုခဲ့တာပါ။
လက်ရှိအနေနဲ့ တစ်ကမ္ဘာလုံးမှာ Spitfire ဗြိတိသျှ တိုက်လေယာဉ် အစင်း (၅ဝ) လောက်သာ ကျန်ရှိနေပါတယ်။ မစ္စတာ Cundall ရဲ့ ရှာဖွေမှုအောင်မြင်မယ်ဆိုရင် အရေအတွက် နှစ်ဆတက်သွားမယ့်အပြင် ၊ ကမ္ဘာ့လေကြောင်းသမိုင်းမှာလည်း အထင်ကရဖြစ်သွားမယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ဒီရှာဖွေတူးဖေါ်မှုကနေ ရရှိမယ့်အကျိုးအမြတ်ကို မစ္စတာ Cundall က (၃ဝ) ရာခိုင်နှုန်း၊ သူ့လက်ထောက်တွေက (၂ဝ) ရာခိုင်နှုန်း၊ မြန်မာအစိုးရက ( ၅ဝ) ရာခိုင်နှုန်း ခွဲဝေဖို့ သဘောတူညီထားပါတယ်။ ဒါပေမဲ့ Spitfire လေယာဉ်တွေရဲ့ တန်ဖိုးကိုမသိရသေးပါဘူး။ မစ္စတာ Cundall ကတော့ ငွေအတွက် တူးဖေါ်တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။