ရေတာရှည်မြို့နယ်မှာ ရေဘေးကူညီရေး ကန့်သတ်ခံရ
2024.09.20
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာတချို့မှာ ရေဘေးကူညီဖို့ စစ်ကောင်စီတပ်က တားမြစ်ကန့်သတ်မှုတွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကို ပြောပါတယ်။
ရေတာရှည်မြို့နယ်ထဲက သောင်ကြီး၊ ရှားတောနဲ့ ရွာသစ် စတဲ့ ရွာတွေက ရေဘေးဒုက္ခသည် ၁၆၀၀ နီးပါးဟာ ရေနစ်မြုပ်တာ တစ်ပတ်ကျော်လာတဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ထိ ကူညီကယ်ဆယ်ရေးတွေ မရကြဘူးလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က အဲဒီရွာတွေဘက် သွားရောက်ကူညီမဲ့သူတွေကို ကန့်သတ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"ရေကြီးတာက တစ်ပတ်ကျော်သွားပြီ။ ရွာတွေထဲက အိမ်တွေက အခုချိန်ထိ ရေမြုပ်နေတုန်း။ ဒါပေမဲ့ ကူညီတဲ့သူတွေက လာတယ်။ ရွာတွေကိုသွားလို့မရဘူး။ ဟို (စစ်ကောင်စီ) အဖွဲ့က ပိတ်ထားတယ်။ ရွာကဒေသခံတွေလောက်ပဲ ပေးဝင်တယ်လေ။ ကူချင်လို့ လာလှူကြတဲ့သူတွေ သွားမရတော့ ရေဘေးဒုက္ခသည်တွေအတွက် ထိထိရောက်ရောက် မကူညီနိုင်သလို ဖြစ်နေတယ်။ ဘာဖြစ်လို့ ကန့်သတ်လဲဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့တွေ ရှိနေလို့တဲ့"
ရေဘေးကူညီမှု မရတဲ့ အဲဒီသုံးရွာဟာ ၂၀၂၄ ခုနှစ်အတွင်း လေးကြိမ်မြောက် ရေဘေးဒဏ်ကြုံနေရတာဖြစ်ပြီး အခုတစ်ကြိမ်က အဆိုးရွားဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေတာရှည်မြို့ပေါ်ကို ပြောင်းရွှေ့နိုင်တဲ့သူတွေက အဆင်ပြေပေမဲ့ အဆက်သွယ်မရှိ အကူအညီလိုအပ်နေတဲ့သူတွေကတော့ အထပ်မြင့်ရှိတဲ့ ဘုန်းကြီးကျောင်တွေမှာပဲ ရေဘေးဒုက္ခသည်အဖြစ် ခိုလှုံရင်း ကူညီကယ်ဆယ်ရေးတွေကို မျှော်နေကြရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးဒုက္ခသည် ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း ဖော်ပြပါတယ်။