တိုင်းရင်းသူ ၃ဝ ချင်းမိုင် စက်ချုပ်သင်တန်းဆင်း

မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ၉ ခုက တိုင်းရင်းသူ အမျိုးသမီး ၃၀ ကျော်ပါဝင်တဲ့ စက်ချုပ်ဆရာဖြစ် သင်တန်းတစ်ခု ကို ထိုင်းနိုင်ငံ ချင်းမိုင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာကောလိပ်နဲ့ BEAM ပညာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းသင်ကြားပေးခဲ့ပြီးနောက် မနေ့ညနေက အောင်လက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။

BEAM ပညာရေးဖောင်ဒေးရှင်း (BEAM Education Foundation) အဖွဲ့ရဲ့ ဥက္ကဌ ဦးကျော်ကျော်မင်းထွဋ္ဋ်က ဒီသင်တန်းဟာ အာဆီယံစံမီ သင်တန်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ ကျေးလက်ဒေသနဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ၁ အချက် ဖွံ့ဖြိုးရေးဒေသအခြေပြုတဲ့ ဖွံ့ဖြိုးရေးစတင်ဖို့နဲ့ ၂ အချက် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ဖို့ နောက်တစ်ခုက လူငယ်တွေရဲ့ တခြားဘေးကို သွေဖယ်သွားမယ့် လမ်းလွဲသွားမည့်ဟာကို ဒီဘက် ပညာရေးလမ်းကြောင်းနဲ့ အသက်မွေးဝမ်း လမ်းကြောင်းကနေပြီး ပြန်ပြီးတည့်ပေးဖို့ ဒါရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ စက်ချုပ်နည်းဆိုတာတော့ဗျာ ပြောမယ်ဆိုရင် ပြည်တွင်းမှာလည်း တတ်ကြတာပဲ။ ဒါပေမဲ့ ကျနော်တို့မှာ မတူတာကကျတော့ ဒီဘက်မှာ အာဆီယံစံမီအောင် သူတို့ စစ်ဆေးမှုတွေ ဘာတွေရှိတယ်၊ အဲဟာတွေကို ကျနော်တို့က သင်ယူပြီးတော့ မြန်မာပြည်မှာ ပြန်ပြီး တဲ့အခါကျတော့ ကျနော်တို့ ဒီစံနှုန်းအတိုင်း ပြန်စစ်ဆေးပေးဖို့ ဒီစံနှုန်းအတိုင်း ပြန်ပြီးတော့ အောင် လက်မှတ်ပေးဖို့၊ အဲလိုမျိုး ကျနော်တို့က နည်းပညာပေါင်းကူးပေါ့လေ အဲဒီအစီအစဉ်ကို မျှော်မှန်း ပါတယ်။ ရှေ့နှစ်တွေမှာလည်း ကျနော်တို့ ဆက်လုပ်မှာဖြစ်ပါတယ်"

စက်ချုပ်ဆရာဖြစ်သင်တန်းကို ချင်းမိုင်တက္ကသိုလ်က နာရီ ၂ဝဝ သင်ကြားပို့ချခဲ့ပြီး BEAM ပညာရေးဖောင်ဒေးရှင်း အဖွဲ့က လက်ရှိနိုင်ငံရေးအခြေအနေ၊ စီးပွားရေးလုပ်ငန်း ထူထောင်မှု၊ သုတေသနပြုမှုနဲ့ ဈေးကွက်ရှာဖွေမှု သင်တန်းတွေကို နာရီ ၁၅၀ ခန့် သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းသူတစ်ဦးဖြစ်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က မမာန်ခွဲရဲတင်း ဆိုသူက မတူကွဲပြားတဲ့ နည်းပညာတွေ ရရှိခဲ့သလို ချင်းအမျိုးသမီးတွေကို ပြန်လည်သင်ကြားပေးဖို့ ရည်ရွယ်ထားတယ်လို့ RFA ကို ပြောပါတယ်။

ချင်းမိုင်အသက် မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာကောလိပ်က အခုပေးအပ်လိုက်တဲ့ အောင်လက်မှတ်တွေကို အာဆီယံနိုင်ငံတွေအပြင် တခြားနိုင်ငံပေါင်း ၆ဝ က လက်ခံထားတဲ့အတွက် အဲဒီနိုင်ငံတွေမှာ စက်ချုပ်လုပ်ငန်းနဲ့ အသက်မွေးဖို့လည်း အထောက်အကူဖြစ်နိုင်တယ်လို့ ဆိုပါတယ်။