အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တစ်ဖွဲ့ချင်း ဆွေးနွေးဖို့ သဘောတူ

သီဟထွန်း
2020.08.02
NCA-S-EAO-622.jpg တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုအဖွဲ့ ဆွေး‌နွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေကို ၂၀၂၀ သြဂုတ် ၂ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ချင်း မျက်နှာချင်းဆိုင်ညှိနှိုင်းဆွေးနွေဖို့နဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အစည်းအဝေးတွေကို အပြိုင်ကျင်းပဖို့ ဒီနေ့ သဘောတူ လိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သဘောတူညီချက်ရဖို့ ခက်ခဲနေတဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အစည်းအဝေးတွေ ကျင်းပရေးကို ဒီနေ့ နှစ်ဖက်သဘောတူနိုင်ခဲ့တယ်လို့ နေပြည်တော်မှာကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒုတိယမြောက်နေ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

JMC-S အစည်းအဝေးနဲ့ Bi-lateral ခေါ် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲတွေကို လာမယ့် စက်တင်ဘာလ နောက်ဆုံး ပတ်မှာ တပြိုင်ထဲကျင်းပသွားဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး  ဦးကျော်တင့်ဆွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း တို့ကလည်း နှစ်ဖက်ခေါင်းဆောင်တွေ တာဝန် ယူမူရှိရှိနဲ့ အပေးအယူ အလျော့တင်းလုပ်ပြီး ကြိုးစားခဲ့လို့ ဆွေးနွေးပွဲအောင်မြင်ခဲ့တာလို့ ပြောပါတယ်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အငြင်းပွားမှုဖြစ်နေတဲ့ တပ်နေရာချထားရေး အပါအဝင် နယ်မြေသတ်မှတ်ချက် စည်းကမ်းတွေကို သဘောတူညီမှုရရင် JMC အဆင့် ကနေ စောင့်ကြည်ပြီး တိုက်ပွဲမဖြစ်အောင် ရှောင်ရှားနိုင်မှာဖြစ်သလို ဘယ်အဖွဲ့က စည်းကမ်းချိုးဖောက်တယ် ဆိုတာကိုလည်း သိနိုင်မှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

NCA စာချုပ်မှာ တပ်နေရာချထားရေးပါဝင်ပေမယ့် လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်မယ့် JICM အစည်းအဝေးကို  သြဂုတ်လ ၁၃ ရက်နေ့နဲ့UPDJC အစည်းအဝေးကို သြဂုတ်လ ၁၇ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိပါတယ်။

စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိုလည်း လာမယ့် သြဂုတ်လ ၁၉၊ ၂၀ နဲ့ ၂၁ ရက်နေ့မှာ  သုံးရက်ကြာ ကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။