တရားမျှတတဲ့ရွေးကောက်ပွဲ ပေါ်လာတဲ့အထိ တာဝန်ယူမယ်လို့ ၂၀၂၀ ကိုယ်စားလှယ်တွေ ထုတ်ပြန်

2024.02.01
တရားမျှတတဲ့ရွေးကောက်ပွဲ ပေါ်လာတဲ့အထိ တာဝန်ယူမယ်လို့ ၂၀၂၀ ကိုယ်စားလှယ်တွေ ထုတ်ပြန် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင်ကျင်းပသည့် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်ကို တွေ့ရစဉ်။
Photo: RFA

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမပေါ်ပေါက်မချင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက ရွေးချယ်လိုက်လို့ အနိုင်ရခဲ့သူတွေက လွှတ်တော်ကိုယ်စားလှယ်တာဝန်တွေကို ထမ်းဆောင်သွားမယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲကနေ ပြည်သူတွေ ပေးအပ်လိုက်တဲ့တာဝန်တွေကို ဘယ်‌အချိန်ထိ ထမ်းဆောင်သွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိစေချင်တာကြောင့် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်တာလို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ပြောပါတယ်။

"ရွေးကောက်ပွဲရလဒ်တစ်ခုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ တာဝန်မဟုတ်ဘဲ ပြည်သူတွေက ပေးထားတဲ့တာဝန်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းဖော်ပြတာဖြစ်တယ်၊ ဒီရလဒ်ကိုလည်း ကျွန်တော်တို့ တော်လှန်ရေးမှာ ဘယ်လိုမျိုးအသုံးချသွားမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြခြင်းဖြစ်တယ်၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ မပေါ်ပေါက်မလာမချင်း၊ အဲရွေးကောက်ပွဲရလဒ်တွေကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေ မပေါ်လာမချင်း ကျွန်တော်တို့ ဒီတာဝန်ကိုစွဲကိုင်ထားရမယ်"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားပြီးဖြစ်တဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းတဲ့ နိုင်ငံရေးစနစ်ကို သွားနေတာမဟုတ်ဘူးဆိုတာကို ထုတ်ပြန်တာဖြစ်ကြောင်းလည်း ဦးစည်သူမောင်က ပြောပါတယ်။

စစ်ကောင်စီကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြန်လည်မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေကိုလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီနှစ် အောက်တိုဘာလမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ပြီးတဲ့အချိန်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ပြင်ဆင်ချက်ဟာ ၂၀၀၈ အောက်က နိုင်ငံရေးစနစ်ကို ဦးတည်တဲ့ စိတ်ကူးယဉ်မှုဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ ဒီနေ့ထုတ်ပြန်ချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ငံရေးအရ တော်လှန်ရေးအတွက်အသုံးချရမဲ့ မဟာဗျူဟာမြောက် ကိစ္စဖြစ်တယ်ဆိုတာကို မြင်သာအောင် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်တာလို့လည်း ဦးစည်သူမောင်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်းနောက် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး တချို့က ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ ဆက်လက်ဖမ်းဆီးခံထားရသူ ၆၇ ဦး ရှိပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ၁၉၈ ဦးရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ် သုံးဦးရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပြီး တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် ၂၈၁ ဦးထဲက ၂၁၀ ဦး တက်ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ အမေရိကန်၊ အီတလီ၊ နယူးဇီလန်နဲ့ အင်ဒိုနီးရှားအပါအဝင် နိုင်ငံတကာသံရုံးတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။