ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) ထဲက တရုတ် အထည်ချုပ်စက်ရုံ (Honor Apparel) ဟာ အော်ဒါမရတော့တာကြောင့် လုပ်ငန်းအပြီးရပ်နားမယ်လို့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကြေညာပါတယ်။
စက်ရုံလည်ပတ်ဖို့ အော်ဒါမရှိတော့တာကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး လုပ်ငန်းအပြီး ရပ်နားတော့မယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ တစ်လတိတိ (ကြိုတင် အကြောင်းကြား ကာလ) တစ်နည်းအားဖြင့် နို့တစ်ကာလသတ်မှတ်ပြီး အဲဒီကာလပြီးဆုံးရင် ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ကို ဥပဒေအတိုင်း ပေးချေသွားမယ်လို့ ကြေညာထားပါတယ်။
ဒါပေမဲ့ အဲဒီစက်ရုံဟာ အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုအများဆုံး စက်ရုံဖြစ်တာကြောင့် နို့တစ်ကာလ ပြီးဆုံးချိန်မှာ ဝန်ထမ်းတွေရမယ့် နစ်နာကြေး ဥပဒေအတိုင်းမရရင် လုပ်သင့်တာ ဆက်လုပ်သွားမယ်လို့ ရန်ကုန်အခြေစိုက်၊ အလုပ်သမား သွေးစည်း ညီညွတ်ရေးသမဂ္ဂ (STUM) ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးအေးက RFA ကို ပြောပါတယ်။
“အလုပ်သမားတွေကိုပေးမယ့် နစ်နာကြေးက ဥပဒေအတိုင်းပေးမယ်ဆိုတော့ သူတို့နစ်နာကြေးရတဲ့အခါ ဥပဒေအတိုင်း ရ၊ မရ စောင့်ကြည့်မယ်။ မရဘူးဆိုရင်တော့ လုပ်သင့်တာကို ဆက်လုပ်ပါမယ်။ ဘာလို့လဲဆိုတော့ Honor Apparel စက်ရုံက ချိုးဖောက်မှုတွေ အရမ်းများတဲ့စက်ရုံ ဖြစ်လို့ပါ”
တရုတ်နိုင်ငံသားပိုင် အဲဒီ Honor Apparel အထည်ချုပ်စက်ရုံဟာ အင်္ကျီ၊ ဘောင်းဘီတွေ ကို ချုပ်လုပ်တဲ့ စက်ရုံဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။
အဲဒီစက်ရုံဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်၊ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက မီးလောင်ကျွမ်းခဲ့တဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂၄ ရုံထဲမှာ ပါဝင်တဲ့ စက်ရုံတစ်ရုံလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက် အရ နိုင်ငံတစ်ဝန်း အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင် စက်ရုံ ၈၁၇ ခုရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပေမယ့် ကျန် ၂၇၁ ရုံက လည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။
လည်ပတ်နေတဲ့ စက်ရုံ ၅၄၆ ခုထဲက စက်ရုံ ၃၁၁ ခုဟာ တရုတ်နိုင်ငံသားတွေပိုင်တဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။