လာမယ့်သီတင်းပတ်မှာ အာဆီယံထိပ်သီး ညီလာခံတက်ရောက်မယ့် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်တပ်က နေရာအနှံ့ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကိုဖြေရှင်းဖို့အတွက် ပိုပြီးပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ တခြားအစီအမံတွေကို ထောက်ခံသင့်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Hunman Rights Watch က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရငွေတွေကို ဖြတ်တောက်ဖို့နဲ့ လက်နက်နဲ့လေကြောင်းလောင်စာဆီပိတ်ဆို့အရေးယူမှုစီမံချက်အသစ်တွေကို အာဆီယံနိုင်ငံတွေက သဘောတူသင့်တယ်လို့လည်း ထည့်သွင်းပြောလိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အပြစ်တင်နေရုံနဲ့မရဘဲ ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ HRW ရဲ့ အာရှဆိုင်ရာဒါရိုက်တာ Elaine Pearson ကပြောပါတယ်။
၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်တာတွေနဲ့ မှားယွင်းအကျဉ်းချတာတွေအပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတာကို HRW က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လွတ်လပ်စွာပြောဆိုခွင့်၊ စုရုံးခွင့်နဲ့ ငြိမ်းချမ်းစွာဆန္ဒပြခွင့်တွေကိုလဲ စစ်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန်နှိမ်နှင်းခဲ့တယ်လို့ ထောက်ပြထားပါတယ်။
အာဆီယံအဖွဲ့ဝင်တွေနဲ့ သူတို့နဲ့သဘောထားတူညီတဲ့ G20 နဲ့ APEC ခေါင်းဆောင်တွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီကို ပိုပြီးပြင်းထန်တဲ့လုပ်ဆောင်မှုမျိုး သတောတူညီသင့်တယ်လို့ ဆိုပါတယ်။
အာဆီယံထိပ်သီးညီလာခံကို နိုဝင်ဘာလ ၁ဝ ရက်နေ့ ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမှာပါ။
အာဆီယံခေါင်းဆောင်တွေဟာ ညီလာခံပြင်ပမှာ အမေရိကန်၊ EU ဥရောပသမဂ္ဂ၊ ဂျပန်နဲ့ တခြားဆွေးနွေးဖက်နိုင်ငံတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။