မိုင်းပေါက် ငွေလိမ်ဂိုဏ်းတစ်ခုမှာ နောက်ထပ်မြန်မာနိုင်ငံသား ၁၂ ဦး ရောင်းစားခံရ

RFA Burmese
2022.12.30
မိုင်းပေါက် ငွေလိမ်ဂိုဏ်းတစ်ခုမှာ နောက်ထပ်မြန်မာနိုင်ငံသား ၁၂ ဦး ရောင်းစားခံရ ရှမ်းပြည်နယ် မိုင်းပေါက်မြို့မှ တရုတ်ငွေလိမ်ဂိုဏ်းတစ်ခုတွင် ရောင်းစားခံရသည့် မြန်မာနိုင်ငံသားများနေထိုင်ရာ အဆောက်အအုံအနီးဝန်းကျင်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာရှိတဲ့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာ မိုင်းပေါက်မြို့မှာ နောက်ထပ် မြန်မာနိုင်ငံသား ၁၂ ဦး ရောင်းစားခံထားရတယ်လို့ ကိုယ်တိုင်ရောင်းစားခံထားရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ကွန်ပျူတာနဲ့ အင်္ဂလိပ်စာတတ်ရင် မိုင်းပေါက်မှာ တရုတ်ယွမ် (၅၀၀၀) မြန်မာငွေ ၁၅ သိန်း ကျော်အထိရမယ်လို့ ပွဲစားကခေါ်တာကြောင့် အလုပ်လုပ်ဖို့လာကြရင်း အခုလို ရောင်းစားခံရတာလို့ ကိုယ်တိုင်ရောင်းစားခံရသူ တစ်ဦးက ပြောပါတယ်။

“ပထမက အလုပ်ရုံတစ်ခုမှာလုပ်ခိုင်းတာ ညီမတို့က လိမ်ရတဲ့အလုပ်ဆိုတော့ မလုပ်ချင်ဘူးပေါ့နော်။ ဒါနဲ့အလုပ် မလုပ်ဘဲနေတာ။ ကျမတို့ကို တရုတ်ယွမ်သုံးသောင်း မြန်မာငွေနဲ့ဆို သိန်း ၁၀၀ ကျော်မယ် အခုငွေဈေးနဲ့ဆိုရင် ရောင်းစားထားတယ်လို့ ပြောတာ။ အခုက ကျမတို့ကို နောက်ထပ်သူဌေး တစ်ယောက်က လာကြည့်တယ်။ ပြန်ရောင်းဖို့လို့ ပြောတယ်။ ကျမတို့ကို နေရပ်ပြန်ချင်ရင် တရုတ်ယွမ် ၅၀၀၀၀ မြန်မာငွေဆို သိန်း ၁၇၀ ကျော် ပေးရမယ်ဆိုပြီး အလုပ်ရှင်က အကျပ်ကိုင်ထားတာ။ ဘယ်မှလည်ထွက်လို့ မရဘူး”

ရောင်းစားခံရသူ ၁၂ ဦးဟာ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ ပဲခူး စတဲ့ဒေသတွေကဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက မိုင်းပေါက်မြို့ကို ရောက်ရှိလာကြရာမှာ ရောင်းစားခံရတာလို့ ဆိုပါတယ်။

အလုပ်မလုပ်ဘဲနေတဲ့အတွက်ဆိုပြီး သူတို့ ၁၂ ဦးထဲက အမျိုးသားတစ်ဦးနဲ့ အမျိုးသားစိတ် ခံယူထားတဲ့ အမျိုးသမီးတစ်ဦးကို အချုပ်ထဲထည့်မယ်ဆိုပြီး ခေါ်ထုတ်သွားတာ ရှစ်ရက် ရှိသွားပြီဖြစ်ပြီး အဆက်အသွယ် မရဖြစ်နေတယ်လို့ ပျောက်ဆုံးနေသူတစ်ဦးရဲ့မိခင် ဖြစ်သူက ပြောပါတယ်။

“ဘယ်ကိုလိုက်ရမယ် မသိဘူးဖြစ်နေတာ။ “ဝ” ရဲကို တိုင်ရင်လည်း ဘာမှအရေးယူ ပေးတာ မရှိဘူး။ အခုအဆက် အသွယ်မရတာကြာနေပြီဆိုတော့ ကျမ တအား စိတ်ပူနေတာ”

ရောင်းစားခံရသူ ၁၂ ဦးကို မိုင်းပေါက်ဈေးအနောက်ဘက်က ဟွာစင်းကုမ္ပဏီလို့ ဆိုင်းဘုတ်တပ်ထားတဲ့ တိုက်တစ်ခုမှာထားတယ်လို့ ဆိုပါတယ်။ သူတို့ ၁၂ ဦးမှာ အမျိုးသား ခုနစ်ဦး အမျိုးသမီးလေးဦး ပါဝင်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မိုင်းပေါက်မှာရှိတဲ့ “ဝ” ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်ကြားရာမှာ နေရာကိုဓာတ်ပုံရိုက်ပို့ဖို့ ပြောပြီးနောက်ပိုင်း ဖုန်းကိုဘလော့သွားခဲ့တယ်လို့ “ဝ” ရဲတပ်ဖွဲ့ကို ကိုယ်တိုင်ဆက်သွယ်ခဲ့တဲ့ ရောင်းစားခံရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဝ” တပ်ဖွဲ့ဘက်ကတော့ သူတို့ဒေသမှာ အခုလို လုပ်ငန်းတွေကို လက်မခံကြောင်း ရောင်းစားခံရသူတွေကို ကူညီပေးနေကြောင်း လားရှိုးမြို့က “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်းက RFA ကို အွန်လိုင်းကနေ ဖြေကြားထားပါတယ်။ အခုလို ရောင်းစားခံထားရ သူတွေအနေနဲ့ စစ်ကောင်စီ လူကုန်တားရုံးတွေကတဆင့် “ဝ” ဆက် ဆံရေးရုံးတွေကို တိုင်ကြားနိုင်ကြောင်းလည်း ကိုညီရမ်းက ပြောပါတယ်။

စစ်ကောင်စီလူကုန်မှုတိုက်ဖျက်ရေးရုံးနဲ့ “ဝ” ဆက်ဆံရေးရုံတွေကို လက်တွေ့တိုင်ကြား ခဲ့တဲ့ ရောင်းစားခံရသူတွေရဲ့မိသားစုဝင်တွေကတော့ မြေပြင်မှာ “ဝ” ရဲတပ်ဖွဲ့က ကူညီပေးမှု အားနည်းနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

အခုလို မိုင်းပေါက်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေမှာ မြန်မာနိုင်ငံသားတွေ ရောင်းစားခံရ တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ရှမ်းပြည်နယ်ပြောခွင့်ရ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့တာမှာတော့ ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။

မိုင်းပေါက်မြို့မှာ အခုနှစ်ဆန်းပိုင်းကစလို့ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ခေတ်စားလာနေပြီး မြန်မာနိုင်ငံသားတွေရောင်း စားခံရမှု ပိုများလာတယ်လို့ ပန်ဆန်းမြို့က အလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သီပေါနဲ့ ကျောက်မဲ အပါအဝင် မြန်မာနိုင်ငံဒေသ အသီးသီးက ရွှေ့ပြောင်းလုပ်သား ၁၉ ဦး အခုလိုပဲ ငွေလိမ်ဂိုဏ်တစ်ခုမှာ ရောင်းစားခံထားရကြောင်း မိသားစု ဝင်တွေက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။