ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲ မြန်မာပြည်ရောက်ရှိ

ဖြူဖြူခိုင်
2021.01.22

အိန္ဒိယနိုင်ငံကနေ မှာယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး (ကိုဗစ်ရှီးလ်) တစ်သန်းခွဲဟာ ဇန်နဝါရီလ ၂၂ ရက် ဒီကနေ့ နေ့လယ်မှာ မြန်မာပြည်ကို ရောက်လာပြီဖြစ်ပါတယ်။ လူတစ်ဦးကို ဆေးနှစ်ကြိမ် ထိုးရတာဖြစ်လို့ ဒီကာကွယ်ဆေး တစ်သန်းခွဲကို လူ ခုနစ်သိန်းခွဲကို ထိုးပေးဖို့ အစိုးရက စီစဉ်ထားတာပါ။

ပထမအသုတ်အနေနဲ့ ကုသရေးပိုင်းမှာ ရှေ့တန်းကနေ လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေအပြင် ဗဟိုနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တွေကို ကာကွယ်ဆေးထိုးပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ညက မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

"ရှေ့တန်းက ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို နောက်အပတ်မှာ ထိုးဖို့ စီစဉ်ထားပါတယ်။ စပြီးလုပ်ပြီဆိုရင် လက်တွေ့ကျကျ ဘယ်လိုအခက်အခဲတွေ ရှိနိုင်လဲ။ ဘာတွေထပ်ပြီး ပီပီပြင်ပြင်လုပ်ဖို့ လိုမလဲဆိုတာသိမှာပါ။ အဲဒီအပေါ်မှာ အခြေခံပြီး ဆက်လုပ်သွားမှာပါ။ နောက်ပြီးတော့ အဓိကကျတဲ့ အစိုးရအဖွဲ့ဝင်များနဲ့ အစိုးရဝန်ထမ်းများကိုလည်း ထိုးမယ့်အစီအစဉ် များကိုလည်း လုပ်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်များကို ထိုးမယ့်အစီအစဉ်လည်း လုပ်မှာပါ။ ဒါကိုနောက်တစ်ပတ် ဆယ်ရက်လောက်မှာ ဒီအသုတ်တွေကိုတော့ ပြီးအောင်လုပ်လို့ ရမယ်လို့ ကျွန်မတို့ခန့်မှန်းထားပါတယ်။"

နောက်ထပ် ဦးစားပေး စဉ်းစားထားတဲ့ အုပ်စုကတော့ ရောဂါပြန့်ပွားမှုများပြီး နေအိမ်တွေမှာ နေထိုင်ရေး သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ နိုင်ငံယန္တရား လည်ပတ်ဖို့ အရေးကြီးတဲ့နေရာတွေကို ဦးစားပေး ထိုးနှံဖို့ အစီအစဉ်တွေ ချမှတ်သွားမှာဖြစ်ပြီး ဒါတွေကိုလည်း ပြည်သူတွေကို အသိပေးသွားမယ်လို့ ဆိုပါတယ်။ နေအိမ်တွေမှာ နေထိုင်ရေး သတ်မှတ်ခံထားရတဲ့ မြို့နယ်အားလုံးမှာ လူဦးရေ ၁၁ သန်းကျော် ရှိတာကြောင့် တစ်ပြိုင်တည်းလုပ်ပေးနိုင်ဖို့ မဖြစ်နိုင်ကြောင်းလည်း အတိုင်ပင်ခံက ပြောသွားပါတယ်။

ဦးစားပေးအုပ်စုမှာပါတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက်ကတော့ တစ်နိုင်ငံလုံးမှာ တစ်သိန်း နှစ်သောင်း ရှိပါတယ်။

ဒီဝန်ထမ်းတွေထဲကနေမှ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုများတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အသေးစိတ် စာရင်းကောက်ယူပြီး ဦးစားပေးထိုးနှံဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာမော်မော်ဦးက တိုက်တွန်းပါတယ်။

"ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ စနစ်တကျ ဖြစ်ဖို့လိုတယ်။ ကျန်းမာရေး ဝန်ထမ်းစာရင်း သေသေချာချာရှိဖို့လိုတယ်။ လူနာနဲ့ထိတွေ့နေတဲ့ သူတွေကို အဓိက ဦးစားပေးဖို့လိုတယ်။ အဖြစ်များတဲ့နေရာတွေ တချို့မြို့နယ်တွေဆို ကိုဗစ်နဲ့ မကြုံတွေ့ တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိတဲ့နေရာတွေလည်း ရှိတယ်။ ဒါကြောင့် အသေးစိတ် အသေအချာရေး ဆွဲရမယ်။ ဒါက အရေးတကြီးလိုအပ်တယ်။"

ပထမဦးစားပေး ထိုးနှံပေးမယ့်အစီအစဉ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပေမယ့် အသေးစိတ်အစီအစဉ်ကိုတော့ မသိသေးဘူးလို့ မကြာခင် လွှတ်တော်တက်ရတော့မယ့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ နောက်ထပ်ဦးစားပေးအနေနဲ့ စာသင်ကျောင်းတွေ ဖွင့်နိုင်အောင် ပညာရေးအသိုင်းအဝိုင်းက အဓိကကျသူတွေကို ကာကွယ်ဆေးထိုးပေးသင့်တယ်လို့ ဒေါက်တာကျော်စွာဦးက တိုက်တွန်းပါတယ်။

"ပထမဆုံး အစိုးရပိုင်း၊ ကျန်းမာရေးပိုင်း၊ လွှတ်တော်ပိုင်းတွေ ပြီးရင်တော့ နောက်ပိုင်းမှာ ပြည်သူလူထုနဲ့ အနီးစပ်ဆုံးထိစပ်နေတဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ သက်ကြီးပိုင်းတွေ၊ ရောဂါအခံရှိတဲ့သူတွေ၊ ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုရင်လည်း ဆရာ ဆရာမတွေကို ထိုးပေးတဲ့အထဲမှာ ထပ်ပြီးတော့ ဦးစားပေးထဲမှာ ထည့်ရမယ်လို့ မြင်တယ်။ ကလေးတွေကျတော့ ၁၈ နှစ်အောက်ကထိုးဖို့ အတည်မပြုသေးတဲ့အတွက် ကလေးတွေက လောလောဆယ်ထိုးပေးဖို့ မလိုသေးတဲ့အတွက် ကလေးတွေကို စာသင်တဲ့ ဆရာ ဆရာမတွေ၊ အဆင့်မြင့်က ဆရာ၊ ဆရာမတွေကိုလည်း နောက်ပိုင်းထည့်မယ့်အထဲမှာ ထည့်သင့်တယ်။"

မြန်မာအစိုးရဟာ လူ ၁၅ သန်းစာအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူဖို့လည်း အိန္ဒိယဆေးကုမ္ပဏီ Serum Institute ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လက်မှတ်ရေးထိုးထားပါတယ်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံကို ကိုဗစ် ၁၉ ကာကွယ်ဆေးအလုံး သုံးသိန်း ပံ့ပိုးပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ ပြောထားပါတယ်။

WHO ရဲ့ တစ်ကမ္ဘာလုံးက နိုင်ငံတွေအလိုက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝေစုစီစဉ်ပေးတဲ့ COVAX အဖွဲ့မှာ မြန်မာလည်းပါဝင်ထားတာကြောင့် အဲဒီအစီအစဉ်ကနေ ငါးဆယ့်လေးဒသမ လေးသန်းသော မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက်လည်း မကြာခင် ကာကွယ်ဆေးရရှိမှာ ဖြစ်ပါတယ်။ COVAX အစီအစဉ်ကနေ ရမယ့်ကာကွယ်ဆေးက လူဦးရေ ၂၀ ရာခိုင်နှုန်း အတွက်ပဲ ရမှာဖြစ်လို့ တရုတ်နိုင်ငံ ကနေလည်း ကာကွယ်ဆေးဝယ်ဖို့ အစိုးရက စီစဉ်ထားတာပါ။

ဒီနှစ်ထဲမှာ မြန်မာပြည် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်မယ့် အခြေအနေ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

" ၂၀၂၁ အတွင်းမှာ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်တဲ့ အာနိသင်ရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးက လူအားလုံး ၁၀၀ ရာခိုင်နှုန်းထိုးမှ ကာကွယ်နိုင်တာ မဟုတ်ပါဘူး။ ကာကွယ်ဆေးက ၅၀ ရာခိုင်နှုန်းအထက် ၅၅ နဲ့ ၆၀ လောက် ထိုးနှံနိုင်ရင် အားလုံးကို ကာကွယ်နိုင်မယ်ဆိုပြီး ပညာရှင်တွေက တွက်ဆထားပြီးသား ဖြစ်ပါတယ်။ ဒါနဲ့ဆိုရင်တော့ မကြာမီအချိန်အတွင်းမှာ အခြေအနေကောင်းတစ်ခုက ရရှိမယ်လို့ တွက်ဆမိပါတယ်။“

၂၀၂၃ ခုနှစ်လောက်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သွားနိုင်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကာကွယ်ဆေးက လူတစ်ဦးကို နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ၂၈ ရက်ခြား ထိုးရမှာပါ။

ကာကွယ်ဆေးရဲ့အာနိသင်နဲ့ပတ်သက်လို့ အခုအချိန်က စမ်းသပ်ဆဲကာလဖြစ်တာကြောင့် ထိရောက်မှု အတိုင်းအတာကို သေသေချာချာ မသိသေးတဲ့အတွက် ကာကွယ်ဆေးထိုးပြီးရင်လည်း မပေါ့ဆကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲက ၉၀ ရာခိုင်နှုန်းဟာ ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောထားပါတယ်။

ရောဂါအခံရှိသူတွေနဲ့ ရောဂါဖြစ်ပွားမှုများတဲ့ဒေသတွေက နိုင်ငံသားတွေကို ဦးစားပေးပြီး ထိုးပေးဖို့ မျှော်လင့်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

"ရောဂါဖြစ်ပွားမှု များတဲ့ဒေသတွေက နိုင်ငံသားတွေကို ဦးစားပေးပြီးတော့ ထိုးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အသက်အရွယ်အရ ရောဂါအခံအရ လိုအပ်ချက် ပိုပြီးတော့ရှိတဲ့သူတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ အရေးကြီးတာကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ စနစ်တကျ စီမံခန့်ခွဲမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်မှုက သော့ချက်အကျဆုံးလို့ မြင်ပါတယ်။ “

အိန္ဒိယနိုင်ငံကရောက်လာတဲ့ ကာကွယ်ဆေးဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က တရားဝင် အသိအမှတ်ပြုတဲ့ ခွင့်ပြုထားတဲ့ ဆေးဟုတ်မဟုတ်ဆိုတာ ထုတ်ပြန်ကြေညာပေးဖို့လည်း ဒေါက်တာရန်မျိုးသိမ်းက တိုက်တွန်းပါတယ်။

အစိုးရက ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ ရန်ပုံငွေ ထူထောင်ထားပါတယ်။

အခုဆိုရင် ပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့ ကျပ်ငွေ ၁၈ ဘီလီယံကျော် ရရှိထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နောက်ထပ်ဝယ်ယူထားတဲ့၊ လှူဒါန်းမယ့် ကာကွယ်ဆေးတွေ ဘယ်အချိန်ရောက်မယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အတိအကျ ထုတ်မပြောသေးပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တစ်သိန်း သုံးသောင်းကျော်နဲ့ သေဆုံးသူ ၃၀၁၃ ဦးရှိပါတယ်။ အရင်က တစ်နေ့ကို ပျမ်းမျှအနေနဲ့ ရောဂါ ကူးစက်ခံရသူ ၁၅၀၀ လောက် နဲ့ သေဆုံးသူ အယောက် ၃၀ လောက်ရှိခဲ့ရာကနေ အခုဆိုရင် တစ်နေ့ကို ရောဂါကူးစက်ခံရတဲ့သူ ၅၀၀ ဝန်းကျင်နဲ့ သေဆုံးသူ ၁၅ ယောက်လောက်အထိ ကျသွားပါတယ်။ ဒါပေမဲ့ ပိုးကူးစက်မှုကျသွားတယ်ဆိုပြီး ပေါ့ဆလို့မရကြောင်း၊ ပေါ့ဆမိရင် ရုတ်တရက် ပိုးကူးစက်မှု မြင့်တက်လာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ နှစ်ပေါင်းများစွာ ရာသီတုပ်ကွေး ရောဂါလို ဆက်ရှိနေမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ ရောဂါကာကွယ်ဆေး ထိုးခဲ့ပြီးရင်လည်း နေ့စဉ်လူနေမှုဘဝတွေမှာ နှာခေါင်းစည်း တပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာ နေကြဖို့၊ လက်ကို မကြာခဏဆေးဖို့၊ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို စနစ်တကျ လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။