IPI နိုင်ငံတကာ စာနယ်ဇင်းညီလာခံမှာ သတင်းထောက်တချို့ဆန္ဒပြ

နိုင်ငံတကာ မီဒီယာညီလာခံကျင်းပတဲ့ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက Chatrium Hotel ရှေ့နဲ့ ညီလာခံခန်းမအတွင်းမှာ ပြည်တွင်းသတင်းထောက်တချို့က မီဒီယာတိုက်ခိုက်မှုရပ်တန့်ဖို့ ဆန္ဒပြခဲ့ပါတယ်။

အဲဒီညီလာခံကို အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်းအဖွဲ့ International Press Institute (IPI) က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး ဒီနေ့ကစပြီး ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသေးတာကို ညီလာခံကိုတက်ရောက်လာတဲ့ နိုင်ငံတကာက သတင်းသမားတွေသိဖို့အတွက် အခုလိုဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့ အလွတ်သတင်းထောက် ကိုကျော်ဇေယျက ပြောပါတယ်။

"IPI သည် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ သတင်းစာလွတ်လပ်ခွင့်ကို ဖော်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းဖြစ် တဲ့အတွက်IPI ကို ကျနော်တို့ ထောက်ခံပါတယ်၊ ကျနော်တို့လုပ်တဲ့ကမ်ပိန်းက သတင်းစာလွတ်လပ်ခွင့်ကို ဖိနှိပ်ရိုက်နှက်ခဲ့တာကို တာဝန်ယူဖြေရှင်းမှုမရှိခဲ့တဲ့ ပြည်ထဲရေး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သက်ဆိုင် ရာအစိုးရ ဝန်ကြီးဌာနခေါင်းဆောင်တွေပါ ကျနော်တို့ရည်ရွယ်ပါတယ်၊ သတင်းသမားတွေအပေါ်မှာ ဒါမျိုးလုပ်တာကို တစ်စုံတစ်ခုအတိုင်းအတာတစ်ခုအထိတော့ ပြောဖို့လိုတယ်၊ ပြီးတော့ IPI ကို တက်နိုင်တဲ့ နိုင်ငံတကာက သတင်းသမားတွေအနေနဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဆိုတာ စာရွက်ထဲမှပဲရှိတယ်၊ မြေပြင်မှာ တကယ်မရှိဘူးဆိုတာကို သိစေချင်လို့ သတင်းသမားတွေကို တိုက်ခိုက်မှုရပ်ဖို့ ကျနော်တို့ လုပ်တာပါ"

လက်ပံတန်းမြို့က ကျောင်းသားသပိတ်ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို ရိုက်နှက်ဖမ်းဆီး ခဲ့တာကို စုံစမ်းဖော်ထုတ်ပေးဖို့ International Press Institute (IPI) ကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

အဲ့ဒီညီလာခံခန်းမတွင်းမှာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် မိန့်ခွန်းပြောကြားစဉ်မှာလည်း ပြည်တွင်း သတင်းထောက်တစ်ဦးက ‘သတင်းမီဒီယာသမားတွေကို ရိုက်နှက်ဖမ်းဆီးမှု ရပ်’ ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။

IPI ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာသတင်းထောက်တွေကိုလည်း 'မီဒီယာတိုက်ခိုက်မှုရပ်' စာသားပါစတစ်ကာတွေကို ဝေငှခဲ့ပါတယ်။

ကျောင်းသားသပိတ်နဲ့ အလုပ်သမားသပိတ်တွေမှာ သတင်းရယူခဲ့တဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN ကလည်း IPI ညီလာခံ ကို မတက်ရောက်ပဲ သပိတ်မှောက်ထားပါတယ်။