စစ်ကောင်စီကို ထောက်ပံ့နေတဲ့ စင်ကာပူကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို
2024.08.20
စင်ကာပူအခြေစိုက် Emerging Towns & Cities (ETC) ဟာ စစ်ကောင်စီကို ဆက်လက်ငွေပေးချေနေကြောင်း Justice For Myanmar (JFM) က သြဂုတ်လ ၁၉ ရက်နေ့မှာဖော်ပြပြီး စစ်ကောင်စီနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ စင်ကာပူအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့မှာ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့မြေပေါ်က Golden City ကွန်ဒိုအိမ်ရာအတွက် ၂၀၂၄ ခုနှစ် ဇွန်လအထိ ခြောက်လအတွင်း ETC က မြေငှားရမ်းခ စင်ကာပူဒေါ်လာ ကိုးသိန်း ပေးချေခဲ့တယ်လို့ JFM က ဖော်ပြပါတယ်။
ETC ဟာ စစ်ကောင်စီကို ၂၀၂၂ ခုနှစ်မှာ စင်ကာပူဒေါ်လာ ၁ ဒသမ ၆၈ သန်း၊ ၂၀၂၃ ခုနှစ်မှာ စင်ကာပူဒေါ်လာ ၂ ဒသမ ၉၉ သန်း ပေးချေခဲ့တာအပါအဝင် အာဏာသိမ်းကာလတွင်း စုစုပေါင်း စင်ကာပူဒေါ်လာ ၅ ဒသမ ၅၇ သန်း ပေးချေခဲ့တယ်လို့လည်း ဆိုပါတယ်။
စင်ကာပူအစိုးရအနေနဲ့ ETC ရဲ့ မြန်မာနိုင်ငံဘက်က မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ Jewellery Luck ကုမ္ပဏီအုပ်စုဟာလည်း စစ်ထောက်ချုပ်ရုံးနဲ့ ဆက်လက် စီးပွားရေးလုပ်ကိုင်နေတာကြောင့် ပိတ်ဆို့အရေးယူသင့်တယ်လို့ JFM က တိုက်တွန်းပါတယ်။
Justice For Myanmar ရဲ့ပြောခွင့်ရသူ ဒေါ်ရတနာမောင်ကတော့ စစ်ကောင်စီကို ဘဏ္ဍာရေးထောက်ပံ့နေတဲ့ ETC အနေနဲ့ စင်ကာပူနိုင်ငံမှာ ဆက်လက်ပြီး လုပ်ငန်းတွေ လုပ်ကိုင်နိုင်တာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီကို ဘဏ္ဍာရေး၊ စစ်လက်နက်၊ နည်းပညာနဲ့ လေယာဥ်ဆီ ထောက်ပံ့ကူညီနေတဲ့ စင်ကာပူကုမ္ပဏီတွေကို စင်ကာပူအစိုးရအနေနဲ့ ပိုပြီးပိတ်ဆို့မှုတွေ ဆောင်ရွက်ဖို့ အချိန်ကျနေပြီလို့လည်း သူက ပြောပါတယ်။
JFM ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ETC နဲ့ Jewellery Luck ကုမ္ပဏီတွေကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာမရှိသေးပါဘူး။
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာစစ်တပ်ရဲ့ အရပ်သား ပြည်သူတွေအပေါ် သေစေနိုင်လောက်တဲ့ အင်အားအသုံးပြုမှုကို စင်ကာပူနိုင်ငံအနေနဲ့ ဆန့်ကျင်တဲ့ဘက်က အခိုင်အမာရပ်တည်နေပြီး မြန်မာနိုင်ငံထံ လက်နက်စီးဆင်းရောက်ရှိမှုကိုလည်း ဟန့်တားဖို့ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားတယ်။