မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု ဓာတ်ပုံအထောက်အထားတွေ သံတမန်တွေထံ KIA ပေးပို့

RFA Burmese
2023.10.23
မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု ဓာတ်ပုံအထောက်အထားတွေ သံတမန်တွေထံ KIA ပေးပို့ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်များထံ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ပေးပို့ခဲ့သည့် ဓာတ်ပုံအထောက်အထားများ။
KIA

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီးလီ ဦးဆောင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အပါအဝင် သံတမန်တချို့ကို ဒီရက်ပိုင်းအတွင်း ဓာတ်ပုံအထောက်အထားတွေ တင်ပြပေးပို့ခဲ့ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ရေးနဲ့ တစ်စုံတစ်ရာပတ်သက်ခြင်းမရှိဘူးဆိုတာကို နိုင်ငံတကာအသိုင်းအဝန်း သိရှိအောင် အခုလို တင်ပြခဲ့တာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးကောင်စီ (KIC)ရဲ့ ဒု ဥက္ကဌ (၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က RFA ကိုပြောပါတယ်။

“အဓိကကတော့ ဒီဟာက ယန်ဟီးလီကို ပေးတဲ့ဟာပါ။ တခြားအရေးကြီးတဲ့ ဒစ်ပလိုမက် (သံတမန်) တွေကိုလည်း ကျွန်တော်တို့ ပေးတယ်။ တရုတ်အထူးကိုယ်စားလှယ်ကိုလည်း ပေးတယ်။ အဲဒါကြောင့် ဗားရှင်း ၃ ခုနဲ့ လုပ်လိုက်တာ။ အဓိကအချက်ကတော့ အဲဒီပေါက်ကွဲမှုဖြစ်တဲ့ ဗုံးကြဲတဲ့နေရာမှာ စစ်ရေးဆိုင်ရာ ဘာမှမရှိဘူးဆိုတာကို ပြတာပါ။”

ဒီတိုက်ခိုက်မှုမှာ စစ်ဘေးဒုက္ခသည်စခန်းအပြင် စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေလည်း ပျက်စီးခဲ့ပါတယ်။

(Photo: KIA)
(Photo: KIA)

(Photo: KIA)
(Photo: KIA)

ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က အဲဒီတိုက်ခိုက်မှုအပြီး နောက်နေ့မနက်မှာ စစ်ကောင်စီတိုင်းမှူးက အဆိုပါကိစ္စပါဝင်ဆောင်ရွက်သူတွေကို ဆုငွေအဖြစ် ကျပ်ငွေ သိန်း ၅ဝ ချီးမြှင့်ခဲ့တယ်လို့ မိမိတို့ KIA က ကြားဖြတ်ဖမ်းယူရရှိတဲ့ သတင်းတွေအရ သိရကြောင်း၊ အဲဒီအချက်ကိုလည်း နိုင်ငံတကာသံတမန်တွေကို မိမိတို့အသိပေးခဲ့ကြောင်း၊ ကြားဖြတ်ရရှိတဲ့သတင်းဖြစ်တဲ့အတွက် ခိုင်မာသက်သေတစ်ခုအဖြစ် ပြောဆိုရန် ခက်ခဲကြောင်း၊ ဒါပေမဲ့ စစ်ကောင်စီတပ်တွင်းက ဖရဲသီးတွေလို့ ခေါ်ကြတဲ့ ပြည်သူ့ဘက်သား သတင်းပေးသူတွေ ပေးပို့လိုက်တဲ့ သတင်းအချက်အလက်တွေနဲ့ ကိုက်ညီမှုရှိတာကို တွေ့ရကြောင်းလည်း RFA ကို ပြောပါတယ်။

အခုလို KIA ဘက်က ထုတ်ပြန်ပြောဆိုတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုချက်ကိုတော့ လတ်တလော မသိရှိရသေးပါဘူး။

(Photo: KIA)
(Photo: KIA)

(Photo: KIA)
(Photo: KIA)

အခုလို တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ KIA ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုသာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

(Photo: KIA)
(Photo: KIA)

(Photo: KIA)
(Photo: KIA)

အင်္ဂလိပ်၊ တရုတ်နဲ့ ကချင်ဘာသာတွေနဲ့ စာတမ်းထိုးထားတဲ့ ဓာတ်ပုံမိတ္တူတွေကို RFA မြန်မာဌာနက တရားဝင် ရရှိခဲ့ပါတယ်။

(Photo: KIA)
(Photo: KIA)

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီက အောက်တိုဘာလ ၉ ရက်နေ့ညမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကလည်း တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ် ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။