ဝိုင်းမော်မြို့မှာ ဒေသခံ ရှမ်းတိုင်းရင်းသားတွေ သဘောထားမပါဘဲ တည်ဆောက် တပ်ဆင်နေတဲ့ မနောတိုင် အမှတ်အသားပါ ဆိုင်းဘုတ်တွေဟာ အတူယှဉ်တွဲနေထိုင်တဲ့ ရှမ်းနဲ့ ကချင် တိုင်းရင်းသားတွေကြား သွေးကွဲစေတယ်ဆိုပြီး ဒေသခံတွေက ကန့်ကွက်ခဲ့ပါတယ်။
ဒီလို တောင်းဆိုကြတာကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဆိုင်းဘုတ် တပ်ဆင် တည်ဆောက်မှုကို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။
ဗန်းမော်-ဝိုင်းမော်ကားလမ်း ဝိုင်းမော်မြို့အဝင်မှာ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီရဲ့ ညွှန်ကြားချက်နဲ့ မနောတိုင်အမှတ်အသားပါတဲ့ “ကြိုဆိုပါ၏” ဆိုင်းဘုတ်ကို ဒီလအစပိုင်းကစပြီး ဆောက်လုပ်နေတာပါ။
ဒေသခံတွေသဘောထားမပါဘဲ ကချင်ပြည်နယ်အစိုးရအဖွဲ့က စိုက်ထူနေတာကို ဖျက်သိမ်းပေးဖို့ ဒေသခံတွေက ဝန်ကြီးချုပ်ဆီ အောက်တိုဘာ ၁၈ ရက်နေ့က စာရေးသားပေးပို့တောင်းဆိုကြတာပါ။
ပြည်နယ်မြို့တော် မြစ်ကြီးနားရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ ဝိုင်းမော်မှာ အတူယှဉ်တွဲနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့ ကချင်တိုင်းရင်းသားတွေကြား ပဋိပက္ခဖြစ်စေနိုင်တာကြောင့် ပြန်လည်ဖယ်ရှားပေးဖို့ တောင်းဆိုတာလို့ ဝိုင်းမော်ဒေသခံ စိုင်းမျိုးဆွေက ပြောပါတယ်။
"ယဉ်ကျေးမှုအရ ကချင်အောက်ကို ရှမ်းက ရောက်သွားသလို ဖြစ်နေတာ၊ ကချင်ပြည်နယ်ဖြစ်ပေမယ့် ရှမ်းရှိတဲ့အတွက် ရှမ်းသင်္ကေတပါ ထောင်မှရမယ်၊ ကချင်ရှိတဲ့နေရာ သွားထောင်ရင် ပြဿနာဖြစ်မှာ မဟုတ်ဘူး၊ ကချင်က နည်းနည်းပဲရှိတာ၊ အဲဒီလိုဆိုတော့ လူမျိုးရေးအရလည်း ပဋိပက္ခ ဖြစ်လာနိုင်တယ်၊ ယဉ်ကျေးမှုအရလည်း လွှမ်းမိုးခံရမှာဘဲ၊ ဝိုင်းမော်မှာ တစ်ဝက်ကျော်က ရှမ်းတွေလေ၊ ကချင်ပြည်နယ် အမှတ်အသား မနောတိုင်ဆိုတာ သူတို့ဟာသူတို့သတ်မှတ်တာ။ အစိုးရက သတ်မှတ်ပေးတာ မဟုတ်ဘူး၊ အစိုးရညွှန်ကြားချက်နဲ့ ထောင်တာလည်း မဟုတ်ဘူး၊ ကျနော်တို့ကတော မကြိုက်ဘူးဗျာ၊ မကြိုက်တော့ ဖယ်ရှားပေး။ ဒါပဲတောင်းဆိုမှာ တခြားဘာမှ မတောင်းဆိုဘူး။"
ဝိုင်းမော်မြို့နယ်မှာ မနောတိုင်အမှတ်အသားပါ လမ်းညွှန်ဆိုင်းဘုတ်တွေ၊ ကျေးရွာဆိုင်းဘုတ်တွေ ပြုလုပ် နေတာတွေလည်းရှိတယ်လို့ စိုင်းမျိုးဆွေက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်မှာ နေထိုင်တဲ့ မူလဌာနေ တိုင်းရင်းသား ရှမ်းမျိုးနွယ်စုတွေရဲ့ ဦးစီးဦးဆောင် ရပ်မိရပ်ဖတွေ လက်မှတ်ရေးထိုးပြီး မနောတိုင်အမှတ်အသားပါ ဆိုင်းဘုတ်ဖယ်ရှားပေးဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုထားပါတယ်။
ဒီလိုမနောတိုင် အမှတ်အသား ဆိုင်းဘုတ်တွေ စိုက်ထူတာဟာ ကချင်လူမျိုးကြီးဝါဒကို ဖော်ဆောင်နေသလို ဖြစ်တယ်လို့ မြန်မာပြည် မြောက်ပိုင်း၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒု-ဥက္ကဋ္ဌ စိုင်းခင်မောင်အေးက သုံးသပ်ပါတယ်။
"ဝိုင်းမော်ဆိုတာက ရှမ်းအများဆုံး၊ ခံစားချက်က သူတို့ကို သပ်သပ်ရှိကြောင်း မပြဘူးပေါ့၊ ဆိုလိုတာက အရင်အတိုင်း ရှိပါစေ၊ ဒီလို့အမှတ်အသားတွေ မလုပ်ပါနဲ့လို့ တင်ထားတယ်၊ ဝန်ကြီးချုပ်ကလည်း ရပ်နားခိုင်းတာ မရပ်နားဘဲနဲ့ ဆက်လုပ်တယ်။ ဆက်လုပ်တော့ ကျနော်တို့က ဖျက်သိမ်းဖို့ ကျနော်တို့က လုပ်မယ်၊ ကျနော်တို့ ခံစားချက်မှာတော့ ကချင်လူမျိုးကြီးဝါဒ လုပ်တယ်ဆို ခံစားနေရတယ်၊ ဒါကို ကျနော်တို့ လုံးဝ လက်မခံဘူး။"
ကချင်ပြည်နယ် ပြည်သူ့ပါတီရဲ့ ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးလွမ်းဇောင်းကတော့ ဒါဟာ ကချင်နဲ့ ရှမ်း တိုင်းရင်းသားတွေကြား ပြဿနာမဟုတ်ဘဲ အစိုးရရဲ့ စီမံခန့်ခွဲမှု အားကောင်းရင် ပြေလည်နိုင်တဲ့ အခက်အခဲ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
"ဒီကိစ္စက ရှမ်းနဲ့ ကချင်ကိစ္စ မဟုတ်ဘူး၊ ဥပမာထားလိုက်ပါတော့ ကချင်တွေရဲ့ အမှတ်သားလက္ခဏာနဲ့ ကြိုဆိုပါ၏ ဆိုရင် ဒီဘက်ခြမ်းမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ရှိတာပဲ။ ဆိုလိုတဲ့သဘောက ဒီဘက်ခြမ်းမှာ ရှမ်းတွေရဲ့ကြိုဆိုပါ၏ လုပ်ကြမလား၊ ဟိုဘက်ခြမ်းမှာ လဝေါ်လချိတ်တွေရဲ့ ကြိုဆိုပါ၏ လုပ်ကြမလား ဆိုလိုတဲ့သဘောက စီမံခန့်ခွဲမှုနဲ့ ဆိုင်ပါတယ်၊ အရမ်းကြီး ကြီးကြီးကျယ်ကျယ် နိုင်ငံရေး ရောယှက်မှုမရှိဘူး၊ ဒီကိစ္စက NLD အစိုးရရဲ့ စီမံခန့်ခွဲမှုညံဖျင်းမှုလို့ ကောက်ချက် ချချင်ပါတယ်။"
ပြည်နယ်အစိုးရက ရှမ်းတိုင်းရင်းသားတွေနဲ့တွေ့ဆုံပြီး သူတို့ရဲ့ဆန္ဒတွေ၊ သဘောထားတွေကို သေချာနားထောင်ပြီး မှ ဆောင်ရွက်သင့်တယ်လို့ ဦးလွမ်းဇောင်းက တိုက်တွန်းပါတယ်။
ဒီလို မနောတိုင်အမှတ်အသားနဲ့ ဆိုင်းဘုတ်လုပ်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဝိုင်းမော်မြို့နယ် လက်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီးလည်းဖြစ်တဲ့ ဦးနော်လီက ဆောင်ရွက်တာလို့ ဒေသခံတွေက ပြောကြပါတယ်။
ဝန်ကြီး ဦးနော်လီကို RFA က မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ ဒီမနောတိုင်အမှတ်အသားပါ ဆိုင်းဘုတ် စိုက်ထူနေတာကို ရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။
"လောလောဆယ် ဆိုင်းငံ့ထားပါလို့၊ ဆက်မဆောက်ပါနဲ့ မလုပ်ပါနဲ့လို့ ပြောထားတယ်၊ နောက်ရွေးကောက်ပွဲ ပြီးမှ ဘယ်လိုလုပ်ကြမလဲဆိုတာ ညှိညှိနှိုင်းနှိုင်းနဲ့လုပ်ဖို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာလည်း ဆုံးဖြတ်ရမယ်လေ၊ တကယ်တော့ အများနဲ့ပတ်သက်တဲ့ ဟာတွေကို ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေး တင်ပါလို့ ပြောထားပြီးသား၊ မတင်တဲ့အတွက် ဖြစ်တဲ့ပြဿနာပါ၊ လိုရင်းတိုရှင်း ပြောရမယ်ဆိုရင် လောလောဆယ် ဒီအဝင်ဝမှာရှိတဲ့ ကြိုဆိုရေး ဆိုင်းပုဒ်ကို ဆိုင်းငံ့ထားတယ် ကျနော့် မှတ်ချက်နဲ့။"
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ထုတ်ပြန်ထားတဲ့စာရင်းအရ ဝိုင်းမော်မြို့နယ်မှာ လူဦးရေ တစ်သိန်းနှစ်သောင်း ကျော်ရှိပြီး အဲဒီထဲမှာ ကချင်တိုင်းရင်းသား ခုနစ်သောင်း ခြောက်ထောင်ကျော်နဲ့ ရှမ်းတိုင်းရင်းသားက နှစ်သောင်းခုနစ်ထောင်နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံရှမ်းတိုင်းရင်းသားတွေကတော့ ရှမ်းတိုင်းရင်းသားတွေက ဝိုင်းမော်ရှိလူဦးရေရဲ့ ထက်ဝက်ကျော်ရှိတယ်လို့ ပြောကြပါတယ်။