ကိုရိုနာကြောင့် နယ်စပ်ဂိတ်တွေ ပိတ်ဖို့ ကချင်အဖွဲ့တွေ တောင်းဆို

အဲလိဇဘက်ဂျန်မာ
2020.03.26

တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် တရုတ်နယ်စပ် ဂိတ်တွေကို ပိတ်ပေးဖို့ ဒေသခံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အစိုးရကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး တောင်းဆိုလိုက်ကြပါတယ်။

ကချင်ပြည်နယ်က တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ ပန်ဝါဂိတ်တွေကို ပိတ်ပေးဖို့ အရပ်ဘက်လူ့အဖွဲ့အစည်း ၃၄ ဖွဲ့နဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာ ရှစ်ရွာက ဒေသခံ ၃၀၀ ကျော်တို့ လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့လိုက်ကြပါတယ်။

ဒီကနေ့ မတ်လ ၂၆ ရက်နေ့မနက်ပိုင်းမှာ မြစ်ကြီးနားမြို့ UCF ကျောင်းဝင်းထဲမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အစိုးရကို တောင်းဆိုလိုက်တာပါ။

တရုတ်နိုင်ငံသားတွေကနေ ရောဂါပိုးတွေ ပါလာနိုင်တဲ့အတွက် အဲဒီဂိတ်တွေကို ပိတ်စေချင်တယ်လို့ အစိမ်းရောင် အလင်းတန်းများအဆင်း အစီအစဉ်မန်နေဂျာ ဦးဘရန်အောင်က ပြောပါတယ်။

နယ်စပ်ဂိတ်တွေက ညအချိန်တရားမဝင် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ကားကြီးတွေကို ထိရောက်စွာအရေး ယူပေးဖို့၊ တရုတ်ဌက်ပျောခြံလုပ်ငန်းတွေမှာ တရားမဝင်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေး ပေးဖို့နဲ့ တရားမဝင်နေထိုင်သူတွေကို စီစစ်အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်ငှက်ပျောကားတွေနဲ့ ဝင်ထွက်သွားလာနေရာမှာ ရောဂါပိုးပြန့်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ် လို့ ဝိုင်းမော်မြို့ ဝါးရှောင်ဆရာတော် အရှင်ဝိဇယက မိန့်ပါတယ်။

နယ်စပ်ဂိတ်တွေပိတ်ပေးဖို့နဲ့ အစိုးရရဲ့ ကပ်ရောဂါပြင်ဆင်ခြင်း လုပ်ငန်းအစီအစဉ်တွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့၊ ရောဂါတားဆီးရာမှာလိုအပ်တဲ့ လူအင်အား ဆေးဝါးနည်းပညာ စက်ပစ္စည်းတွေကို ပြင်ဆင်ထားမှုအခြေ အနေတွေကို ပြည်သူလူထုကို အချိန်နဲ့တပြေးညီချပြဖို့၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အရှိန်အဟုန် လုပ်ဆောင်ဖို့နဲ့ ပြည်ပကဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို စောင့်ကြည့်လေ့လာတဲ့ကာလသတ်မှတ်ပြီး စနစ်တကျစောင့်ကြည့်လေ့လာဖို့ကိုလည်း နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားပါတယ်။

တရုတ်နယ်စပ်ဂိတ်တွေကိုတော့ ရောဂါပိုးစတင်ဖြစ်ပွားပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ထိခိုက်နေပေ မယ့်လည်း နှစ်ဖက်အစိုးရတွေက တရားဝင်ပိတ်တာ ခုချိန်ထိမရှိသေးပါဘူး။

ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဦးဇော်ဝင်းကတော့ ပြည်ထောင်စုက နယ်စပ်ဂိတ်တွေကို ပိတ်ဖို့ ညွှန်ကြားစာ မရောက်သေးတဲ့အတွက် မပိတ်သေးတာလို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကိုရိုနာရောဂါ သံသယလူနာအဖြစ် စောင့်ကြည့် စစ်ဆေးခဲ့သူ နှစ်ဦးရှိခဲ့ပေမယ့် ရောဂါတွေ့ရှိတာမရှိသေးပါဘူး။

အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနယ်စပ်ဂိတ်တွေတချို့ကို မကြာသေးခင်ရက်ပိုင်းက ပိတ်ထားလိုက်ပြီး ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအများစုတို့ မြဝတီနဲ့ တာချီလိတ် မယ်ဆိုင်နယ်စပ်ဂိတ်ကနေ ဝင်ရောက် လာနေရာမှာ တပတ်အတွင်း သုံးသောင်းကျော်ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။