ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ စတင်ဖွဲ့စည်း

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို စတင်ဖွဲ့စည်းလိုက်ပြီး ပြည်သူလူထုနဲ့ ပြည်ထောင်စုအတွက် တစ်သားတည်းရပ်တည်နိုင်ဖို့ ဆောင်ရွက် သွားမယ်လို့ ဇွန်လ ၁၂ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ခွန်ဘီထူးအပါအဝင် အဖွဲ့ဝင် ခြောက်ဦးနဲ့ ဦးဆောင်ဖွဲ့စည်းထားပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ရပ်ကို ထားသွား နိုင်ဖို့ တာဝန်ယူသွားကြမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလဖြစ်နေတာကြောင့် ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ပြည်နယ် ရေးရာ ကော်မတီတို့ဟာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီက ချမှတ်ထားတဲ့ မူဝါဒ လမ်းညွှန်ချက်အတိုင်း ပြည်နယ်ရဲ့ အခွန်ဘဏ္ဍာငွေကို စနစ်တကျစီမံခန့်ခွဲပြီး ဝန်ထမ်းနဲ့ ပြည်သူလူထုရဲ့ အကျိုးကိုပဲဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ IEC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်နယ်တစ်ခုအတွက် လိုအပ်တာတွေကို စနစ်တကျစုပေါင်း ဖော်ဆောင်နိုင်ဖို့ ဖွဲ့စည်းလိုက်တာလို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က RFA ကို ပြောပါတယ်။

"စိန်ခေါ်မှုတွေကြားထဲကနေ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်ရတာပါ၊ ပြည်သူလူထုနဲ့ ပြည်ထောင်စုအတွက် တစ်သားတည်း ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်နယ် တစ်ခုအတွက် လိုအပ်တဲ့အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးလုပ်ငန်း တွေကို စနစ်တကျစုပေါင်းဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ဖွဲ့စည်းလိုက်တာပါ"

ကရင်နီအမျိုးသားလူငယ်တွေအပါအဝင် မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးအတွက် ကြမ်းတမ်းတဲ့တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြတာကို အသိအမှတ်ပြုဂုဏ်ယူတယ်လို့ ဖွင့်ပွဲအခမ်းအနားမှာ ခူဦးရယ်က ထည့်သွင်းပြောခဲ့ပါတယ်။

IEC ရဲ့ ရည်ရွယ်ချက်တွေဖော်နိုင်ဖို့ ပြည်တွင်းပြည်ပအင်အားစုတွေအပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ အတူတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကရင်နီပြည်အစိုးရသစ် ပေါ်ပေါက်လာချိန်ကျမှ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။

IEC ဟာ တော်လှန်ရေးအင်အားစုတွေကို ရေတိုရေရှည်အစီမံတွေချစုစည်းမှာဖြစ်ပြီး လူထုအတွက် ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံစားသောက်ကုန် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေး CDM မှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေနဲ့ တတ်သိပညာရှင်တွေကိုပါ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး KSCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ နေ့မှာ စဖွဲ့စည်းခဲ့တာပါ။