တနိုင်းရွှေမှော်အနီးက စစ်ကောင်စီစခန်းကို KIA သိမ်းယူ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေမှော်အနီးက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့က မတ်လ ၁၈ ရက်နေ့က သိမ်းဆည်းခဲ့တယ်လို့ KIA က ပြောပါတယ်။

တနိုင်းက စစ်ကောင်စီတပ်စခန်းကို သိမ်းယူခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"တနိုင်း နမ်ဂေါန်ရွှေမှော်တပ်စခန်းကို မနေ့က (မတ်လ ၁၈) ည ရှစ်နာရီလောက်က သိမ်းပိုက်လိုက်တာဖြစ်ပါတယ်၊ ကျွန်တော်တို့ KIA တပ်ရင်း ၁၄ နယ်မြေဖြစ်ပါတယ်။ အဲဒီဘက်က စခန်းသိမ်းတယ်ဆိုတဲ့ သတင်းလောက်ပဲ ကျွန်တော်တို့ ကြားသိရပါတယ်။ ဖုန်းလဲ အဆက်အသွယ်တော့မရဘူး။ အောက်ခြေမြေပြင်သတင်းတော့ ဆက်ပြီးမကြားရဘူး။ ဒါတော့ အတည်ပြုပြောလို့ရပါတယ်"

ဆွမ်ပရာဘွမ်၊ ဆင်ဘို စတဲ့နေရာတွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ လေးရက်လောက်ရှိနေပြီး သိမ်းဆည်းနိုင်တာ မရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

တနိုင်းက စစ်ကောင်စီစခန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ပြည်နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီအတွက် အရေးပါတဲ့ ခယာဘွမ်၊ ဖွန်းပျဲန်ဘွမ်၊ ခလရ (၂၃၇)နဲ့ ခလရ ၁၄၂ စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာပါ။

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၇ ရက်နေ့အထိ ဆယ်ရက်တာအတွင်း စစ်ကောင်စီရဲ့တပ်စခန်းနှစ်ဆယ်ကျော်ကို သိမ်းယူထားနိုင်ပြီလို့ KIA က ပြောပါတယ်။