ဗုံးလာကြဲတဲ့ စစ်ရဟတ်ယာဉ် တစ်စီးကို ကေအိုင်အေ ပစ်ချ

2021.05.03

ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် စီဟက်ရွာအနီးရှိ ကချင်လွတ်မြောက်ရေး တပ်မတော် KIA စခန်းတွေကို စစ်ကောင်စီတပ်တွေက တိုက်ခိုက်ရေး ဂျက်ဖိုက်တာနှစ်စီး၊ စစ်ရဟတ်ယာဥ် တစ််စီးနဲ့ ဗုံးလာကြဲတဲ့အတွက် စစ်ရဟတ်ယာဉ်ကို KIA ဘက်က ပစ်ချလိုက်တယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒီကိစ္စ အသေးစိတ် သိနိုင်ဖို့အတွက် KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကို RFAက ဆက်သွယ်မေးမြန်းတဲ့အခါ

“စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စီး၊ စစ်ရဟတ်ယာဉ်တစ်စီးနဲ့ မိုးမောက်မြို့နယ် ထဲက KIA နယ်မြေတွေကို ဗုံးလာကြဲခဲ့ကြောင်း၊ KIA က ပစ်ချခဲ့တဲ့အတွက် စစ်ရဟတ်ယာဉ် မီးလောင် ပျက်စီးခဲ့ကြောင်းနဲ့ မီးလောင်ပျက်ကျတဲ့ စစ်ရဟတ်ယာဉ်ကြောင့် မိုးမောက်မြို့နယ် စီဟက်ကျေးရွာက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ပျက်ကျတဲ့ စစ်ရဟတ်ယာဉ်မှာ စစ်ကောင်စီဘက်က စစ်သားဘယ်နှစ်ယောက်ပါ သွားတယ်ဆိုတာကို သူမသိကြောင်း” RFA ကို ရှင်းပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မိုးမောက်မြို့နယ် စီဟက်ရွာက ဒေသခံ အမျိုးသမီးတစ်ဦးကလည်း

“လေယာဉ်က နှစ်စီးလာတယ်၊ တစ်စီးက ပစ်ပြီးတဲ့အခါကျတော့ နောက်တစ်စီးကလည်း ပျံမတက်လာတဲ့ အခါကျတော့ပြန်တော့ ပြုတ်ကျပြီလို့ ကျမထင်တယ်၊ ဘုန်းကြီးကျောင်းနားမှာတဲ့၊ မီးခိုးတွေ အူတက် နေတယ် ဒီကနေ လှမ်းမြင်ရတာ၊ လေယာဉ်ထဲမှာ သုံးယောက်ပဲ ပါတယ်ပေါ့၊ လယ်တောက ကြည့်တဲ့ သူတွေ ပြောတာက လေယာဉ်ထိတဲ့ဟာကို သိသိသာသာကြီး မြင်ရတယ်တဲ့၊ အဲဒါနဲ့တစ်ခါတည်း ထိုးကျ ပြုတ်ကျတာ၊ အဲဒီရှမ်း တရုတ်ကျောင်းရဲ့အထက်နားလေးမှာ၊ လေယာဉ် ပြုတ်ကျပြီးတဲ့နောက် သေနတ် သံကလည်း တစ်ချက် တစ်ချက်ပဲ ပစ်တော့တာလေ၊ အသံလည်း တိတ်နေတယ်၊ အခုက ဘာမှ မကြား တော့ဘူး၊ တံတားပေါက်ကနေ လှမ်းမြင်ရတာပေါ့၊ အနီးကပ်တော့ တက်မကြည့်ရဲဘူး၊ မသွားရဲဘူး။ ” လို့ မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောပြထားပါတယ်။

Kachin Waves သတင်းမှာတော့ “ မိုးမောက်မြို့နယ်ထဲမှာ စစ်ရဟတ်ယာဉ် ပစ်ချခံရပြီးတဲ့နောက် စစ်ကောင်စီ တပ်တွေက မိုးမောက်မြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကုန်း​လော ကျေးရွာဘုန်းကြီး​ကျောင်းကို လက်နက်ကြီး နှစ်လုံးကျခဲ့တယ်၊ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်​​တော်မူပြီး ပြည်သူ နှစ်ဦး​သေဆုံးခဲ့တယ်” လို့ ဒေသခံတွေကို ကိုးကားပြီး ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ကလေးငယ်တွေအပါအဝင် ဒေသခံ ကိုးဦးလည်း ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရတဲ့ ကလေးငယ် တွေလည်း အခြေအနေ စိုးရိမ်ရပြီး ခွဲစိတ်ခန်းဝင်​နေ​ကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီကနေ့ ဆုံးသွားတဲ့အမျိုးသား နှစ်ဦးကို မီးသင်္ဂြိုဟ်ခဲ့ပြီး၊ ဘုန်းတော်ကြီးရဲ့ ရုပ်ကလပ်ကိုလည်း မနက်ဖြန် မီးသင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။

မိုးမောက်မြို့နယ် ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲပစ်ခတ်မှုကြောင့် ဒီကနေ့ သေဆုံးသူ သုံးဦး အပါအဝင် စုစုပေါင်း ရှစ်ဦး ရှိပြီဖြစ်ကြောင်း Kachin Waves သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရလည်းဖြစ်တဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က နှစ်ကြိမ်တိတိ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမျိုး မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

U min gyi
2021-05-09 21:06

KIA GOOD