တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လိုင်ဇာမြို့မှာ ဆွေးနွေးမည်


2013.10.11
kio-leader-305.jpg မြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့ကစတင်ပြီး ၃ ရက်ကြာကျင်းပခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အိုဆွေးနွေးပွဲကို တက်ရောက်လာသော နှစ်ဖက်ကိုယ်စားလှယ်များကို တွေ့ရစဉ်
Photo: RFA

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့အတွက် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ၃ရက်နေ့အထိ ကေအိုင်အိုအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ် လို့ သိရပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့မှာ ကေအိုင်အို ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ဆွေးနွေးပွဲ မှာလည်း အဲဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလို တွေ့ဆုံဖို့သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က RFAကို အခုလိုပြောပါတယ်။

လကုန်ပိုင်း ၂၉၊ ၃ဝ လောက်ဖြစ်မှာပါ၊ လက်နက်ကိုင်အဖွဲ့တွေ အကုန်လုံးပါဝင်လိမ့်မယ်၊ အခုဒီမှာပါတဲ့ လူတွေအားလုံးခေါ်လိုက်ပြီပေါ့၊ သူတို့ကလည်း သက်ဆိုင်ရာဌာနချုပ်မှာ ညှိနှိုင်းပြီးတော့မှ အစီရင်ခံစာရေးပြီး ခေါင်းဆောင်ကိုယ်တိုင် မတက်နိုင်ခဲ့ရင် ဒုတိယခေါင်းဆောင်တွေ ဘာတွေတက်မှာပေါ့၊ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်ကိုပဲ ဆွေးနွေးကြမှာ၊ အဲဒါနဲ့ပတ်သက်ပြီးတော့မှ လက်မှတ်ရေးထိုးမယ့်ဟာ၊ သူတို့ကဖြစ်နိုင်ရင် နှစ်ခါလုပ်ချင်တဲ့သဘောတော့ရှိတယ်”

လိုင်ဇာမြို့မှာတွေ့ဆုံဖို့ စီစဉ်နိုင်တာဟာ မနေ့ကမြစ်ကြီးနားမြို့မှာ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘောတူညီခဲ့တဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက် တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၁၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက အရေးပေါ်အစည်းအဝေးတစ်ခုကို ပြီးခဲ့တဲ့ ၇ ရက်နေ့ကနေ ၁ ရက်နေ့ထိ ထိုင်းနိုင်ငံမှာချင်းမိုင်မြို့မှာ ကျင်းပခဲ့ပြီး အပစ်အခတ်ရပ်စဲရေး၊ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်အားလုံးရဲ့ ဘုံသဘောတူ ဆုံးဖြတ်ချက်တချို့ ချမှတ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ UNFC ရဲ့ ဒုတိယဥက္ကဌ ပဒို ဒေးဗစ်တာကပေါကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။