KNA ခေါင်းဆောင်နဲ့ မိသားစုဝင်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice for Myanmar တောင်းဆို

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူအား တွေ့ရစဉ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူအား တွေ့ရစဉ်။ (Myanmar Peace Monitor)

ကရင်နယ်ခြားစောင့်တပ် BGF (‌ခေါ်) ကရင်အမျိုးသားတပ်မတော် (KNA) ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံတကာ ရာဇဝတ် ဥပဒေ ချိုးဖောက်မှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှု ရှိနေတဲ့အတွက် တပ်ဖွဲ့ခေါင်းဆောင်နဲ့ မိသားစုဝင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ အမြန်ဆုံးချမှတ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

စောချစ်သူ (ခေါ်) ဗိုလ်မှူးကြီး စံမြင့်ဦးဆောင်တဲ့ (BGF/KNA) တပ်ဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ ကာလရှည်ကြာစွာ မဟာမိတ်ဖွဲ့ထားပြီး၊ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေမှာ ပါဝင်ကျူးလွန်သူဖြစ်တယ်လို့ Justice for Myanmar ရဲ့ မတ်လ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Justice for Myanmar က မှတ်တမ်းတင်ထားတဲ့ BGF/ KNA တပ်ဖွဲ့တွေရဲ့ ကျူးလွန်ချိုးဖောက်မှုတွေထဲမှာ အရပ်သားတွေကို သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ မတရားဖမ်းဆီးတာ၊ အဓမ္မပေါ်တာဆွဲတာ၊ လူသားဒိုင်းတွေအနေနဲ့ အသုံးပြုတာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းစေတာ၊ ငွေညှစ်ခြင်းနဲ့ မြေသိမ်းခြင်းတွေစတဲ့ လုပ်ရပ်တွေ ပါဝင်ပြီး၊ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် (BGF/KNA) ခေါင်းဆောင် စောချစ်သူ (ခေါ်) ဗိုလ်မှူးကြီးစံမြင့်နဲ့ သူရဲ့မိသားစုဝင်တွေအပါအဝင် အဖွဲ့အစည်းအတွင်းက ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို အစိုးရတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေ အမြန်ဆုံးချမှတ်ဖို့ Justice for Myanmar က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Justice for Myanmar တောင်းဆိုချက်နဲ့ ပတ်သက်ပြီး KNA ခေါင်းဆောင် စောချစ်သူ (ခေါ်) ဗိုလ်မှူးကြီးစံမြင့် ကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပြီး အဆက်အသွယ်မရသေးပါဘူး။