သထုံခရိုင်က စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းတွေ ပြည်သူနဲ့ပူးပေါင်းဖို့ KNU တိုက်တွန်း

RFA Burmese
2023.12.10
သထုံခရိုင်က စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းတွေ ပြည်သူနဲ့ပူးပေါင်းဖို့ KNU တိုက်တွန်း ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့သိမ်းတိုက်ပွဲတွင် PDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များထံ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်ပုံ။
Ministry of Defence - NUG

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၁) နယ်မြေထဲက စစ်ကောင်စီရဲ့ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ အမိန့်ပေးမှုအောက်ကနေ စွန့်ခွာပြီး ပြည်သူနဲ့ ပူးပေါင်းကြဖို့ (KNU) ဗဟိုက ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့မှာ တိုက်တွန်း ထုတ်ပြန်ပါတယ်။

စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်စေတဲ့ အမိန့်တွေကို ဖီဆန်ပြီး ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတွေသာ အကျိုးစီးပွား ဖြစ်နေတဲ့ စစ်တပ်ကို စွန့်ခွာဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ လူမှုဝန်ဆောင်မှုကို ဆောင်ရွက်တဲ့အခါ မိမိအုပ်ချုပ်နယ်မြေအတွင်းမှာ အပြည့်အဝ တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီဆောင်ရွက်လိုတဲ့ ဘယ်အဖွဲ့အစည်းမဆို (KNU) ရဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆက်သွယ်ပြီးမှ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာ ဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒီဇင်ဘာလ ၁ ကစပြီး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း (KNU) ဗဟိုက ဒီဇင်ဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါအပြင် ဒီဇင်ဘာ ၂ ရက်က စတင်ခဲ့တဲ့ မုန်း (မူး) မြို့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၀ သေဆုံးခဲ့ပြီး အယောက် ငါးဆယ်ခန့် ဒဏ်ရာရခဲ့တယ်လို့ (KNU) ကပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

တိုက်ပွဲဖြစ်တဲ့ ရက်သတ္တပတ်အတွင်း စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊ မုန်းမြို့မ ရဲစခန်းနဲ့ ကော့ပြင် တပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပြီး ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နဲ့ မုန်းသာစည် တံတားကင်းနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးမှာ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေဘက်ကလည်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ ပြောထားပေမယ့် အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။

ဒါ့အပြင် အဲဒီတိုက်ပွဲတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်သီး အပါအဝင် အင်အား နှစ်ဆယ်ခန့် လက်နက်ချ ပူးပေါင်းခဲ့တယ်လို့လည်း ဒီဇင်ဘာ ၆ ရက်မှာ ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။