ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" ၁၄ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီး အလုံးစုံ ထိန်းချုပ်ထားနိုင်ရေး အစွမ်းကုန်ကြိုးစားနေတယ်လို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ပြီလို့ နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသက ရှောက်ပယ်အိုင်မှာရှိတဲ့ စစ်ကောင်စီစခန်းကိုလည်း ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တအာင်းတပ်မတော် (TNLA) နဲ့ ပူးပေါင်းအဖွဲ့တွေကလည်း နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအနီးကို စစ်ကူရောက်လာတဲ့ သံချပ်ကာကား သုံးစီးပါတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သံချပ်ကာကားတစ်စီး ဖျက်စီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကွမ်းလုံမြို့သိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အောက်တိုဘာ ၂၇ က စတင်တဲ့ "၁၀ ၂၇ စစ်ဆင်ရေး" စတင်ချိန်ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ စစ်ကောင်စီစခန်း စုစုပေါင်း (၁၂၈) ခု သိမ်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေကို အပြည့်အဝ သိမ်းပိုက်ခဲ့ပြီး သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေရဲ့ နေရာအားလုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်ပေမဲ့ အဲဒီမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက ပြောထားပါတယ်။
စခန်းတွေနဲ့မြို့တွေ တိုက်ခိုက်သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကလည်း နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (ကာလုံအစည်းအဝေး) ခေါ်ယူဆွေးနွေးခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ MNDAA က လောက်ကိုင်ဒေသမှာ အာဏာပြန်လည်တည်ဆောက်နိုင်ဖို့နဲ့ TNLA က ပလောင်ပြည်နယ်ရရှိဖို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် နယ်မြေတည်ငြိမ်ဖို့အတွက် လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ စစ်ခေါင်ဆောင်က ပြောပါတယ်။