ကျောက်မဲမြို့ လူနေရပ်ကွက်အချို့ ရေကြီးနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ထဲမှာ စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့ မနေ့က ညနေပိုင်းမှာတော့ ရပ်ကွက်တွေထဲအထိ ရေ၀င်ရောက်ခဲ့တယ်လို့ ကျောက်မဲမြို့ဒေသခံတွေက RFA ကိုပြောပါတယ်။

မြို့ကိုဖြတ်ပြီးစီးဆင်းနေတဲ့ နမ့်စောင်ငေါင်းချောင်းထဲကို ပတ်ဝန်းကျင်တောင်ပေါ်တွေက ရေတွေစီးဝင်ပြီး ရေလျှံလာတာကြောင့် ချောင်းဘေးတစ်လျှောက်က (၈) ရပ်ကွက် ကားကွင်း၊ ဘူတာ (၆) ရပ်ကွက်နဲ့ (၇) ရပ်ကွက် နေရာအချို့အပြင် (၃) ရပ်ကွက်ထဲက လမ်းမကြီးအနီးမှာရှိတဲ့ နေအိမ်တွေ၊ လမ်းတွေထဲအထိ ရေဝင်ရောက်ခဲ့တာလို့ ကျောက်မဲမြို့ဒေသခံ ဦးတင်မောင်သိန်းက RFA ကိုပြောပါတယ်။

အခုလို ရေလျှံမှုကို အရင်နှစ်တွေတုန်းကလည်း မကြာခဏကြုံဖူးပြီး ၂၀၁၅ ခုနှစ်ကဆိုရင် အလေးချိန်များတဲ့ လက်ဖက်အစိုအိတ်တွေ ရေထဲမျောပါတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဦးတင်မောင်သိန်းက ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်း နေအိမ်တွေထဲအထိ ရေဝင်တာ ပြန်ကျသွားပေမယ့် နမ့်စောင်ငေါင်းချောင်းရေကတော့ မကျ သေးတာကြောင့် စိုးရိမ်နေရဆဲဖြစ်တယ်လို့ နောက်ထပ် ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ရေဝင်ရောက်တဲ့ ရပ်ကွက်တွေထဲက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ စားရေးသောက်ရေး ကိစ္စတွေကို မြို့နယ် ကြက်ခြေနီအဖွဲ့နဲ့ မြို့ခံတွေပူးပေါင်းပြီး ကူညီပေးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကြီးနိုင်တယ်လို့ စက်တင်ဘာလ ၁၉ ရက် မနေ့ညနေပိုင်းက ကြေညာထားပါတယ်။