ချင်းမိုင်အစည်းအဝေး တက်တဲ့စာရင်းထဲပါနေတဲ့အပေါ် LDU ကန့်ကွက်

RFA Burmese
2024.03.19
ချင်းမိုင်အစည်းအဝေး တက်တဲ့စာရင်းထဲပါနေတဲ့အပေါ်  LDU ကန့်ကွက် ၂ဝ၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသော အပစ်ရပ်ခုနစ်ဖွဲ့အစည်းအဝေးကို လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)ကိုယ်စားပြုအဖြစ် တက်ရောက်လာသည့် ကျာဆော်လမွန်နှင့်အဖွဲ့။
Photo: NCA-S EAO

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ့ရဲ့ အစည်းအဝေးတက်ရောက်သူစာရင်းမှာ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ပါဝင်နေတာကို ကန့်ကွက်ကြောင်း မတ်လ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပွဲမှာ LDU အဖွဲ့ပါဝင်တယ်ဆိုပြီး ထုတ်ပြန်ထားတာကို ကန့်ကွက်လိုက်တာပါ။

ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကျာဆော်လမွန်ကို LDU ဗဟိုကော်မတီကနေ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ကတည်းက သူတာဝန်ယူထားတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ရာထူးကနေ ရပ်စဲထားတယ်လို့လည်း ဆိုပါတယ်။

အဖွဲ့အစည်းအမည်ကို မသုံးဖို့ အကြိမ်ကြိမ်သတိပေးထားခဲ့ပေမဲ့ ဒီနေ့အချိန်ထိ နာမည်အသုံးပြုနေတာ၊ စစ်ကောင်စီနဲ့ ပူးပေါင်းတာ၊ အပစ်ရပ်အဖွဲ့တွေရဲ့ အစည်းအဝေးကို တက်ရောက်တာတွေကို LDU အဖွဲ့၊ လားဟူခေါင်းဆောင်တွေနဲ့ ပြည်သူတွေကလည်း ကန့်ကွက်ရှုတ်ချတယ်လို့ ရေးသားထားပါတယ်။

LDU အဖွဲ့အနေနဲ့ စစ်အာဏာရှင် အဆုံးသတ်ရေးအတွက် တော်လှန်ပုန်ကန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အစုအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေပြီး တော်လှန်ရေးကာလအတွင်း အပစ်ရပ်အဖွဲ့တွေရဲ့ အစည်းအ‌ဝေးတွေမှာ LDU အမည်မထည့်ဖို့ သတိပေးတယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အပစ်ရပ်အဖွဲ့တာဝန်ရှိသူတွေနဲ့ အစည်းအဝေးတက်ခဲ့တဲ့ ကျာဆော်လမွန်တို့ရဲ့ သဘောထားသိရဖို့ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး လက်တလော ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်သလို ကိုယ့်သဘောနဲ့ကိုယ် တက်မယ်လို့ပြောတဲ့ အဖွဲ့ဝင်တွေကိုလည်း အရေးယူမယ်လို့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) က ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

LDU ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်ကလည်း ဒီအစည်းအဝေးတက်ရောက်တဲ့ ကိုယ်စားလှယ်တွေဟာ PNLO ဗဟိုကော်မတီက ဆုံးဖြတ်ချက်နဲ့ တက်ရောက်သူတွေမဟုတ်ဘူးလို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။