လက်ပံတောင်းတောင် ဆန္ဒပြပွဲ ရဲနဲ့ ထိပ်တိုက်တိုး


2016.05.06
latphadaung-protest-620.JPG လက်ပံတောင်းတောင်ဒေသ တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင် ရွာတွေက ဒေသခံ ၂ဝဝ လောက်ဆန္ဒပြကြပြီး မေလ ၆ ရက်နေ့က တားဆီးထားတဲ့ လုံထိန်းစည်းကို တိုးဝင်ကြစဉ်
Photo: Phoe La Min

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာတဲ့အတွက် စီမံကိန်းလုံးဝ ဖျက်သိမ်းပေးဖို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ စီမံကိန်းနဲ့ အကျုံးဝင်တဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဒီနေ့ တတိယမြောက်အဖြစ် ဆက်လက်ဆန္ဒပြပြီး  မြန်မာ-ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ စီမံကိန်းကို ကန့်ကွက်တဲ့ ဆိုင်းဘုတ်စိုက်ထူ ခဲ့ပါတယ်။

တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင် စတဲ့ ရွာတွေက ဒေသခံ ၂၀၀ လောက်ဆန္ဒပြကြပြီး တားဆီးထားတဲ့ လုံထိန်းစည်းကို လက်ချိတ်တိုးဝင်ကြတာပါ။

အဲ့ဒီအခါ ကုမ္ပဏီက ချထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ဝဝ က ဒေသခံတွေကို ဖိနပ်တွေနဲ့နင်းပြီး ကိုင်ဆောင် ကာကွယ်ထားတဲ့ ဒိုင်းတွေနဲ့ ရိုက်ပုတ်မောင်းနှင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆည်းတည်းရွာ စမ်းမြဝတီကျောင်းတိုက် ဆရာတော်ကလည်း ဆန္ဒပြပွဲအကြောင်း မိန့်ပါတယ်။

"ဒီနေ့ဟာ တတိယမြောက်နေ့ပေါ့ဗျာ၊ တရုတ်ကုမ္ပဏီကနေပြီး ၅ ရက် ၅ လ ၂ဝ၁၆ မှာ ထုတ်ဖော်မှုစမယ်ဆို တာ ပြောဆိုထားတာရှိတယ်ဗျ၊ ဒီစီမံကိန်းကို ဒီလိုထုတ်ဖော်မှုစတာ ဒေသခံတွေနဲ့ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်း လုံးဝမရှိသည့်အတွက် လုံးဝမကျေနပ်တဲ့အကြောင်းတွေကို ဆန္ဒထုတ်ဖော်ကြတယ်ပေါ့နော်၊ ဒီနေ့မှာတော့ ဦးပိုင်ဝမ်ပေါင်ကနေပြီးတော့ ရဲတွေနဲ့ပဲ ပြည်သူလူထုကို ထိပ်တိုက်တွေ့ပေးတဲ့ အနေအထားပေါ့ဗျာ၊ ရဲတစ်ယောက် ကနေပြီးတော့ လူထုကိုဆဲလိုက်တဲ့ အနေအထားကြောင့် ပိုပြီးတော့ တင်းမာသွားတဲ့ အနေအထားတော့ ရှိတာပေါ့ဗျာ"

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖော်ဆောင်နေတာပါ။

တရုတ်အစိုးရခွင့်ပြုချက်နဲ့ ဝမ်ပေါင်သတ္တုတွင်းလီမိတက်ကို ၂ဝဝ၄ ခုနှစ်မှာ ထူထောင်တာဖြစ်ပြီး သူဟာ Norinco ကုမ္ပဏီလက်အောက်ခံ ဖြစ်ပါတယ်။  Wanbao Mining (Myanmar ) Copper ကိုတော့ ၂ဝ၁ဝ စက်တင်ဘာမှာ ထူထောင်ခဲ့တာပါ။ နိုရင်ကိုဟာ ကာကွယ်ရေး ပစ္စည်းတွေ ထုတ်လုပ်ပြီး ကမ္ဘာတဝှမ်းမှာ လက်နက်ရောင်းချနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။