စဉ့်ကိုင်မှာ သစ်စက်ရုံအလုပ်သမား ၄၀၀ လောက် အလုပ်ဖြုတ်ခံရ


2014.05.22
lucky-treasure-factory-305.jpg ရှမ်းကန်ကျေးရွာ ရွာဦးကျောင်းမှာ ခိုလှုံနေရတဲ့ ကံကောင်းခြင်းရတနာ" သစ်အချောထည်စက်ရုံ အလုပ်သမားများကို တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာရှိတဲ့ "ကံကောင်းခြင်းရတနာ" သစ်အချောထည်စက်ရုံက အလုပ်သမား ၄၀၀ လောက် ကို အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်မှာ လက်မှတ်မထိုးတဲ့အတွက် အလုပ်ရှင်က မနေ့က အလုပ်က ထုတ်လိုက်ပါတယ်။

အဲ့ဒီသဘောတူစာချုပ်ထဲမှာ  အလုပ်သမားတွေက သဘောမတူတဲ့အချက်တွေကို ပြန်ပြင်ပေးဖို့ တောင်းဆို ရာကနေ ၃ ရက်အတွင်း လက်မှတ်မထိုးလို့ အလုပ် ထုတ်လိုက်တာလို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမ မသက်နွယ်အောင်က အခုလိုပြေပါတယ်။

"ကျမတို့ စာချုပ်ကို မချုပ်နိုင်ဘူးပြောတာ မဟုတ်တဲ့ အတွက် အချိန်ကာလတစ်ခုတော့ပေး ဆွေးနွေးဆဲ ကာလဆိုပြီးပေးရင် ချုုပ်နိုင်တယ်လို့ ပြောတဲ့အခါမှာ သူတို့က မင်းတို့ဒီစာချုပ်ကိုချုပ်မှဖြစ်မယ်၊ ကျမတို့လည်း မချုပ်ဘူးပြောတာမဟုတ်ဘူး၊ ဒီစကားပဲ ထပ်ခါတ လဲလဲပြောနေတဲ့အခါမှာ ကျမတို့က မဖြစ်တော့ဘူးဆိုပြီးတော့ သူတို့နဲ့ မဆွေးနွေးတော့ဘူး၊ ဒီစာချုပ်ကို လက်မှတ်မရေးထိုးနိုင်တဲ့အချက်ဆိုတာက သူတို့ စည်းကမ်းချက် ၂၃ ချက်ပါတဲ့အနက်က ကျမတို့မကြိုက်တာ အချက် ၄ ချက်ပါတယ်၊ ပြင်ချင်တာက ၁၁ ချက်ပါတယ်၊ အဲလိုအနေအထားမှာ ကျမတို့က ဒီစာချုပ်ကို မချုပ်နိုင်သေးဘူး၊ ဆွေးနွေးဆဲကာလလေးပေးပါလို့ ကျမတို့ကတောင်းဆိုတာပါ"

စက်ရုံတာဝန်ရှိသူတွေကလည်း အဲ့ဒီအလုပ်သမား ၄၀၀ လောက်ကို အလုပ်ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အလုပ်ထုတ်ခံရသူတွေအနေနဲ့ စက်ရုံနာမည်သုံးပြီး တစ်စုံတစ်ခုလုပ်ခဲ့ရင် စက်ရုံဘက်က တရားစွဲသွားမယ်လို့ စက်ရုံအမှုဆောင်ဒါရိုက်တာ ဦးထွန်းနိုင်ဦးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"မှဲ့တစ်ပေါက်မစွန်းဘဲ သူတို့ ၁ဝ နာရီ ၂ဝ လောက်မှာ ထွက်သွားပါတယ်၊ ဒါကျနော်တို့က ဖြစ်စဉ်အမှန်တွေပါ၊ ကျနော်တို့မှာ အကုန်လုံးမှတ်တမ်းရှိပါတယ်၊ အဲတော့ သူတို့သည် ကျနော်တို့ အလုပ်သမား မဟုတ်တော့ဘူး၊ အဲတော့ သူတို့ သပိတ်စခန်းဖွင့်ဖွင့် ဘယ်လိုပဲဆန္ဒပြပြ ကျနော်တို့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ နဲ့ နာမည်တပ်လို့မရဘူး၊ နာမည်တပ်ခဲ့ရင်တော့ ကျနော်တို့ ဥပဒေကြောင်းမှာရှိသမျှ ပုဒ်မအားလုံးနဲ့ ထပ်မံပြီးတရားစွဲမှာ ဖြစ်ပါတယ်ဆိုတာ ကျနော်ဒီနေရာက ပြောချင်ပါတယ်"

လက်မှတ်မထိုးလို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄၀၀ လောက်ဟာ စက်ရုံမှာနေထိုင်တဲ့ အဆောင်နေအလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအလုပ်သမားတွေကို မနေ့က စက်ရုံထဲက မောင်းထုတ်လိုက်တဲ့အတွက် စက်ရုံအနီးက ရှမ်းကန်ကျေးရွာ ရွာဦးကျောင်းမှာ အလုပ်သမား ၄၀၀လောက် ယာယီခိုလှုံနေထိုင်နေတယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရတနာဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။