မြန်မာစစ်ကောင်စီ အင်အားလျော့နည်းရေးအတွက် မလေးရှားဆိပ်ကမ်းတွေကနေ မြန်မာနိုင်ငံကို လောင်စာဆီသယ်ဆောင်တဲ့ သင်္ဘောတွေ ထွက်ခွာခွင့်ကို ပိတ်ပင်ဖို့ မလေးရှားအစိုးရကို မြန်မာအလုပ်သမားသမဂ္ဂက တိုက်တွန်းခဲ့တယ်လို့ Malaysiakini အွန်လိုင်းသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
မြန်မာပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီက ရက်စက်ဆိုးဝါးစွာ ချေမှုန်းနှိပ်စက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)က ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ ပြစ်တင်ရှုတ်ချခဲ့ပြီးနောက်မှာ မလေးရှားအစိုးရကို သူတို့အဖွဲ့က အခုလိုတိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားကြောင်း မလေးရှားကီနီ သတင်းမှာ မနေ့က ဖော်ပြပါရှိပါတယ်။
ဒါဟာ ဂါဇာကမ်းမြှောင် ပဋ္ဋိပက္ခမှာ မလေးရှားအစိုးရက ပါလက်စတိုင်းကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးအလံလွှင့်ထူတဲ့ သင်္ဘောတွေ ားလုံး မလေးရှားဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့် တားမြစ်လိုက်တယ်လို့ ကြေညာပြီးနောက် စစ်ကောင်စီထံ လောင်စာဆီတင်ပို့နေတဲ့ သင်္ဘောတွေကိုလည်းအလားတူ တားမြစ်ဖို့ အလုပ်သမားသမဂ္ဂက မလေးရှားအစိုးရကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဒါဟာ မြန်မာစစ်တပ်ကို လောင်စာဆီတင်ပို့မှုတားဆီးရေးအတွက် လက်ရှိအရေးယူပိတ်ဆို့မှုတွေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ ဦးမောင်မောင်က ပြောဆိုကြောင်းလည်း မလေးရှားကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။