ဈေးပိတ်ပစ်လို့ ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု တောင်နီစံပြ ကျေးရွာဈေးမှာ ဈေးမရောင်းရလို့ သက်ဆိုင်ရာက ဒီလ ၁ ရက်နေ့မှာ အမိန့်ထုတ်လိုက်တဲ့အတွက် ဇွန်လ ၂ ရက်နေ့မှာ လူ ၅၀၀ လောက် ဆန္ဒပြကြပြီး အမိန့်ကို ပယ်ဖျက်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံ ဒီနေ့မှာ စာတင်လိုက်ပါတယ်။

တောင်ကြီးမြို့နယ်က ၁၈ မိုင်အကွာမှာရှိတဲ့ တောင်နီကျေးရွာက ဈေးဟာ အရောင်းအဝယ် ကောင်းတဲ့ဈေးဖြစ်ပြီး ဒီဈေးကို အကြောင်းပြချက်မပေးဘဲ ရုတ်တရက် ပိတ်လိုက်တဲ့အတွက် ဆန္ဒပြကြတာလို့ NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“ ဈေးဆိုပေမဲ့ သူကတောဈေးနဲ့ မတူဘူး။ မြို့ဈေးနဲ့တူတယ်။ ဆိုင်ခန်းတခန်းကို သိန်းသုံးလေးဆယ် တန်တယ်။ ဈေးပတ်ပတ်လည်က ဆိုင်ခန်းတွေက။ ဈေးအလယ်က ဆိုင်ခန်းတောင်မှ သိန်း ၂၀ လောက်တန်တယ်။ ဈေးကို ၁ ရက် ၆ လတုန်းက စည်ပင်သာယာကနေပြီးတော့ ဒီဈေးကိုပိတ်လိုက်တယ်။ ကျူးကျော်ပြီး ဖွင့်တဲ့သူ ဆိုလို့ရှိရင် ပုဒ်မ-၁၈၈ ထုတ်ထားတယ်။ မကျူးကျော်ရဆိုပြီးတော့။ ဈေးရဲ့လေးဘက်လေးတန်မှာ စာတွေကပ်လိုက်တယ်။ ဈေးသူဈေးသားတွေက ဖွင့်ဝင်ပြီး ရောင်းလို့မရတော့ဘူး။ အဲဒီမှာ ဈေးသူဈေးသားတွေ အများစုက စုပြီးဆန္ဒပြတယ်”

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲကျော်လောက်မှာ ကျေးရွာ ဥက္ကဋ္ဌ၊ မြိုနယ် စည်ပင်သာယာအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ လောက်ရောက်လာပြီး ဆိုင်ခန်းတွေအားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။

ဈေးသူဈေးသားတွေကိုလည်း ရွာအပြင်ဘက် မြောက်ဖျားမှာရှိတဲ့ ဈေးသစ်ကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ပြောကြားတယ်လို့ သိရပါတယ်။