မန္တလေးတိုင်းဒေသကြီး ဒုဋ္ဌဝတီမြစ်ဘေးတလျှောက်မှာရှိတဲ့ အပန်းဖြေစခန်းတွေကို တရားဝင်လုပ်ကိုင်ခွင့်နဲ့ ဖွင့်လှစ်ဖို့ အစိုးရအဖွဲ့က ညွှန်ကြားထားပြီး လက်ရှိအချိန်ထိ တရားဝင်လုပ်ကိုင်ခွင့်ပြုပေးထားတဲ့ အပန်းဖြေစခန်း မရှိသေးဘူးလို့ မန္တလေးတိုင်းအစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဒီနေ့ ပြောပါတယ်။
လက်ရှိမှာ အပန်းဖြေစခန်းတချို့က တရားဝင်လုပ်ကိုင်ခွင့် လာရောက်လျှောက်ထားလာကြတာရှိနေပြီး အစိုးရအဖွဲ့ဘက်က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ပေးနေတယ်လို့ ဝန်ကြီးဦးမျိုးသစ်ကပြောပါတယ်။
"ဖွင့်ခွင့်မရဘဲနဲ့ ဖွင့်တာပေါ့နော်၊ ဖွင့်ခွင့်ဆိုတာကတော့ အစိုးရက တရားဝင် မထုတ်ထားသေးဘူးပေါ့၊ ခွင့်ပြုခွင့်ရအောင် ဆောင်ရွက်နေဆဲကာလပဲဖြစ်ပါတယ်။ ကျနော်တို့က သူတို့ မြေကိစ္စတွေ ပြီးအောင် လုပ်ခိုင်းထားပါတယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း စိစစ်ပြီး တင်ပြဖို့ စာရွက်စာတမ်းတွေ ပြည့် စုံတယ်ဆိုရင် အစိုးရက ခွင့်ပြုပေးဖို့ပေါ့နော်၊ ဘဏ္ဍာရေး အခွန်အခတွေ ဒဏ်ကြေးတွေရိုက်ပြီးမှ အဲဒါခွင့်ပြုဖို့ အဲလိုအစီအစဉ်ရှိပါတယ်"
တရားဝင်ဖွင့်လှစ်ခွင့် မပြုခင်ကြားကာလမှာ လတ်တလော ဖွင့်လှစ်နေတာတွေကိုတော့ သက်ဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ကြေးငွေ ကောက်ခံသွားမယ်လို့ ဆိုပါတယ်။
ဒုဋ္ဌဝတီမြစ်ဘေးတလျှောက်မှာ အပန်းဖြေစခန်းတွေအဖြစ် ၃မိုင်၊ ၅ မိုင်၊ ၆မိုင်၊ ၇ မိုင်၊ ၉မိုင်ဆိုပြီး ဖွင့်လှစ် ထားတာတွေ ရှိနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း ကပြောပါတယ်။
