သန်းခေါင်စာရင်းအတွက် ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်နိုင်ရေး ကူညီဖို့ စစ်ခေါင်းဆောင် ပြော
2024.09.17
လာမဲ့အောက်တိုဘာ ၁ ရက်နေ့မှာ သန်းခေါင်စာရင်း ကောက်တော့မှာဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၁၇ ရက် မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သဘာဝ ဘေးအန္တရယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်နိုင်ရေးအပြင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ပျက်စီးမှု အနည်း၊ အများအလိုက် ဦးစားပေးအဆင့် သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးဖို့နဲ့ အချိန်အကြာဆုံး ခြောက်လအတွင်း ပြီးစီးအောင် လုပ်ဖို့ဆိုပြီး စစ်ခေါင်းဆောင်က ပြောပါတယ်။
အခုပြောဆိုချက်တွေကို မှတ်သားထားပြီး ပုံမှန်အခြေအနေတွေကို ပြန်ရောက်ဖို့ အလေးထား ဆောင်ရွက်ရမယ်လို့လည်း သူက ဆိုပါတယ်။
ဒီအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေပါ အွန်လိုင်းကတစ်ဆင့် တက်ရောက်ကြတာပါ။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းအတွက် ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်နိုင်ရေး ကြိုးပမ်းချက်ကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရသူတွေဟာ ပြည်လည်ထူထောင်ရေးအစီအစဥ် မပြည့်မစုံနဲ့ အတင်းအကျပ် နေရပ်ပြန်ရမဲ့အခြေအနေ ဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
“အခုက သန်းခေါင်စာရင်း ကောက်တော့မယ် ဆိုတဲ့အခါကျတော့ ရေဘေးဒုက္ခသည်တွေ ရေဘေးစခန်းမှာ ကြာမနေဘဲနဲ့ ချက်ချင်းလက်ငင်း ပြန်ပြီးမောင်းသွင်းနိုင်ဖို့ သူက အချက်ပြလိုက်တာပေါ့။ အဲဒီအခါကျရင်တော့ သူ့အောက်ကလူတွေက ပြန်လည်ထူထောင်ရေးအတွက် စီစဥ်ဆောင်ရွက်မှုတွေ မပြည့်မစုံ၊ မလောက်မငနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးတာတွေ မရှိတော့ဘဲနဲ့ အတင်းအကျပ် ပြန်ခိုင်းမဲ့သဘောကို ဖော်ပြနေတယ်လို့ မြင်ပါတယ်”
RFA အထူးဆောင်းပါးများ ဖတ်ရှုရန်…
အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်လူငယ်များ
ထိုင်းကို အသက်နဲ့ရင်းပြီးသွားနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ပိုများလာ
ရိုဟင်ဂျာဒုက္ခသည်စခန်းက ပြန်ပေးဆွဲမှုများ
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြသူ တစ်သိန်းခြောက်သောင်းကျော် (၁၆၃,၅၇၃ ဦး) နဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်နေရသူက နှစ်သိန်းသုံးသောင်းကျော် (၂၃၄,၅၃၅ ဦး)၊ စုစုပေါင်း လေးသိန်းနီးပါး (၃၉၈,၁၀၈ ဦး) အထိ ရှိနေတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးပြီး ရေလွှမ်းမိုးမှုမှာ ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။