မြန်မာအမျိုးသားလေကြောင်းလိုင်းကို ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို
2024.09.09
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က စစ်ကောင်စီကိုကူညီနေတဲ့အတွက် ပိတ်ဆို့အရေးယူဖို့ Justice For Myanmar (JFM)အဖွဲ့က နိုင်ငံတကာကို စက်တင်ဘာလ ၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ နိုင်ငံပိုင်ဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။ ဒီကာလအတွင်း MNA လိုင်းမှာ ပြေးဆွဲနေတဲ့ ATR အမျိုးအစား လေယာဉ်တွေကို စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုနေတဲ့အတွက် ပိတ်ဆို့အရေးယူဖို့ JFM က တိုက်တွန်းထားတာပါ။
ပြီးခဲ့တဲ့ ဧပြီလက ဖြစ်ခဲ့တဲ့ KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ မြဝတီတိုက်ပွဲပြီးတဲ့နောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီရဲ့ ကုန်ပစ္စည်းတွေကို ATR လေယာဉ်တွေသုံးပြီး သယ်ယူခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
MNA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးအများစုဟာ လေတပ်အရာရှိဟောင်းတွေဖြစ်ပြီး ကုမ္ပဏီအနေနဲ့လည်း လေတပ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ရင်းနှီးဆက်နွှယ်မှုတွေ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။
MNA ရဲ့ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်တဲ့ ဦးလင်းထက်ဟာ အရင်လေတပ်ဦးစီးချုပ်ဟောင်း မောင်မောင်ကျော်ရဲ့ တူတော်စပ်သူဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ လေကြောင်းကဏ္ဍတွေမှာ ပတ်သက်မှုတွေရှိနေတယ်လို့ JFM က ထောက်ပြထားပါတယ်။
MNA လေကြောင်းလိုင်းပိုင် ATR 72-500 လေယာဉ်နှစ်စင်းထဲက MSN 781 ၂၀၁၃ ခုနှစ်မှာ လေတပ်ကိုလွှဲပေးခဲ့ပြီး၊ MSN 765 ကို ၂၀၁၄ ခုနှစ်မှာ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ ATR 42-320 အမျိုးအစားလေယာဉ်ကို လွှဲပြောင်းပေးအပ်ခဲ့သလို လေတပ်ရဲ့ပင်လယ်ပြင်ကင်းလှည့်လေယာဉ်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ပြီး အသုံးပြုခဲ့တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MNA လေကြောင်းလိုင်းအပါအဝင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အားလုံးတွေကို နိုင်ငံတကာအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice For Myanmar က ထပ်မံတိုက်တွန်းထားပါတယ်။