မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဘာသာရေးအကြမ်းဖက်မှုတွေ လုပ်နေကြောင်း စစ်ကောင်စီစွပ်စွဲ
2024.01.10

[Updated: 09:35 PM Jan 11, 2024]
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေနဲ့ ဘာသာတရားအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ စီအောကျေးရွာရဲ့မြောက်ဘက် ဆင်ဦးကင်းတောင်မှာ တည်ထားတဲ့ ဘုရားစေတီတစ်ဆူကို MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ထွက်လာတာကို ထောက်ပြပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၀ ရက်နေ့မှာ စွပ်စွဲပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် မူဆယ်မြို့ အဝင်က ရပ်တော်မူဘုန်းကြီးကျောင်းကိုလည်း ၂၀၂၃ ဒီဇင်ဘာ ၄ ရက်နေ့က ဒရုန်းအသုံးပြုတိုက်ခိုက်ခံခဲ့ရတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဘာသာတရားကို အကြမ်းဖက်မှုတွေဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပါတယ်။
ဒီလုပ်ရပ်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေတင်မကဘဲ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတွေအပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားလိုက်တာလို့လည်း စစ်ကောင်စီက ပြောပါတယ်။
MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကတော့ ဘုရားစေတီကို ဖျက်စီးတာဟာ အဖွဲ့ရဲ့ ညွှန်ကြားချက်မဟုတ်တာကြောင့် အဲဒီတပ်သားကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ဆောင်ရွက်နေကြောင်း RFA ကို ပြောပါတယ်။
"စစ်ကောင်စီက တိုက်ပွဲတွေမှာ ရှုံးနိမ့်နေလို့ ရတဲ့နည်းလမ်းနဲ့ စွပ်စွဲနေတာပါ၊ အဓိကတော့ ပြည်သူလူထုအနေနဲ့ နားလည်ဖို့လိုပါတယ်၊ ဒီဖြစ်ရပ်က ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်မဟုတ်ဘူး၊ အဖွဲ့အစည်းကလည်း အဲ့လိုလုပ်ဆောင်ခွင့် မပေးထားဘူး၊ အဲ့လက်အောက်ငယ်သားက တပ်စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်နေတာဖြစ်တယ်၊ ကျွန်တော်တို့လည်း အဲကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်တယ်"
ဘာသာရေးကို ဆန့်ကျင်ဖို့နဲ့ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးဖို့ MNDAA က အမိန့်ပေးညွှန်ကြားတာတွေ လုံးဝမရှိခဲ့ကြောင်းနဲ့ လောက်ကိုင်ဒေသက စေတီကို တပ်ဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးတာဟာ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ချက်သာဖြစ်ကြောင်း MNDAA အဖွဲ့က ဇန်နဝါရီ ၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘုရားကို ဖျက်ဆီးခဲ့တဲ့ တပ်ဖွဲ့ဝင်ကိုလည်း အရေးယူအပြစ်ပေးဖို့အတွက် MNDAA စစ်ရေး ကော်မတီကနေ သက်ဆိုင်ရာဌာနကို တာဝန်ပေးထားပြီး ဖြစ်ကြောင်းနဲ့ အရာရှိနဲ့ စစ်သည်တွေအားလုံး ဘာသာရေးလွတ်လပ်မှုကို လေးစားဖို့နဲ့ ဘာသာရေးအဆောက်အအုံတွေကို အလေးထား အကာအကွယ်ပေးဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး TNLA နဲ့ AA တို့ကိုလည်း မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရှိနေပြီး ဘာသာရေးအဆောက်အဦ ၇၆ ခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်ကိုတော့ စစ်ကောင်စီက တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးပါဘူး။
(မှတ်ချက်။ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းပြောဆိုချက်ကို ထပ်မံဖြည့်စွက်ဖော်ပြထားပါသည်။)