စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်နဲ့ ညောင်ပင်ရွာသစ်ရွာက အမျိုးသမီးတွေအပါအဝင် ပြည်သူသုံးဆယ်ကျော်ကို မတ်လ ၁၆ ရက်မှာ စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်က ရာဇာလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အရပ်သားနှစ်ဆယ်နီးပါးကို မတ်လ ၁၆ ရက်မနက်ပိုင်း ကိုးနာရီမှာ စစ်ကောင်စီတပ်က ကားလေးစီးနဲ့ဖမ်းဆီးခဲ့တယ်လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။
“ညောင်ပင်စောက်ရပ်ကွက်ရဲ့တောင်ဘက်မှာရှိတာ လက်ဖက်ရည်ဆိုင်က။ အယောက်နှစ်ဆယ်လောက်တော့ ရှိတယ်ပါသွားတာ။ ညောင်ပင်စောက်ထပ်ကို သူတို့ကားတွေ ဝင်လာတာပေါ့။ တစ်ခါတည်း သေနတ်တွေပါ ကိုင်လာတယ်ဆိုတော့ ပြေးချိန်မရလိုက်ဘူးပေါ့”
ဒီအပြင် ညောင်ပင်ရွာသစ်ရွာအနီး PDF စခန်းကို မတ်လ ၁၆ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဥ် Mi-35၊ Mi-17 နှစ်စီးနဲ့ စီးနင်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် Mi-17 ပေါ်ကဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက ညောင်ပင်ရွာသစ်ရွာက ဒေသခံ ၁၅ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြေးချိန်ကို မရလိုက်ဘူးဗျ။ အကုန်ပတ်ပစ်နေတော့ ပြည်သူလည်း ဘာလုပ်လို့ လုပ်ရမလဲမသိဘူး ဖြစ်နေတယ်။ လေယာဥ်လည်း အပေါ်ကပစ်နေတဲ့အခါကျတော့ ဝပ်နေကြရတာပေါ့။ အဲဒီအချိန်မှာ ချတဲ့သူက ချ၊ ဖမ်းတဲ့သူက ဖမ်းဆိုတော့ အနီးအနားရှိတဲ့လူတွေက မိကုန်တာ”
စစ်ကောင်စီတပ်က မုံရွာအခြေစိုက် Golden Eagle Force စခန်းကို ဝင်ရောက်စီးနင်းတာဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံး လွတ်မြောက်ခဲ့ပေမယ့် လက်နက်ခဲယမ်းအပါအဝင် ဆက်စပ်စ္စည်းကျပ်သိန်းငါးရာခန့် ဆုံးရှုံးခဲ့တယ်လို့ Golden Eagle Force အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က RFA ကို ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေကို မုံရွာအမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။
မတ်လ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်က သက္ကယ်ကျင်းရွာက အရပ်သားငါးဆယ်ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မသိရသေးကြောင်း စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူနှစ်သောင်းကျော် (၂၀,၁၁၂ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။