မုံရွာထောင်မှာ အစာအငတ်ခံဆန္ဒပြသူ နိုင်ကျဉ်း ၅၀ ဦးထိရှိလာ

RFA Burmese
2023.09.11
မုံရွာထောင်မှာ အစာအငတ်ခံဆန္ဒပြသူ နိုင်ကျဉ်း ၅၀ ဦးထိရှိလာ စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ထဲမှာ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး အစာငတ်ခံဆန္ဒပြသူ ၁၄ ဦးရှိခဲ့ ရာကနေ အခုလက်ရှိမှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် အစာအငတ်ခံဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသား ၅၀ ဦးထိရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက စက်တင်ဘာလ ၁၁ ရက်မှာ ပြောပါတယ်။

မုံရွာအကျဉ်းထောင်မှာ စက်တင်ဘာလ ၈ ရက်နေ့ မနက်က ဌာနပေါင်းစုံ ရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ ပစ္စည်းတွေ သိမ်းယူသွားတာကြောင့် အဲဒီနေ့ကစလို့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာအငတ်ခံ ဆန္ဒပြနေကြတာပါ။

မုံရွာအကျဉ်းထောင်မှာ အဆောင် ခုနစ်ခုရှိတဲ့အတွက် ကနဦးဆန္ဒပြမှုမှာ တစ်ဆောင်စီကနေ  နှစ်ဦးစီနဲ့ စုစုပေါင်း ၁၄ ဦးက ဆန္ဒပြခဲ့ပေမယ့် ဒီလေးရက်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၅၀ ဦးအထိ ပါဝင်လာတာလို့လည်း ဆိုပါတယ်။

ဒီအထဲမှာ သီးသန့်တိုက်ပိတ်ခံထားရပြီး ထောင်ဒဏ် ၅၄ နှစ်ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကပါ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်လာတယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အစာငတ်ခံဆန္ဒပြနေကြစဉ် နိုင်ငံရေးအကျဉ်းသား သုံးဦး မူးလဲတာရှိပေမယ့် ဆေးကုသခွင့်မရသေးဘူးလို့လည်း အကျဉ်းထောင်နဲ့နီးစပ်သူ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က RFA ကိုပြောပါတယ်။

“လက်ရှိ သုံးယောက်မူးလဲတယ်။ ဒါပေမဲ့ အကျဉ်းထောင်ဘက်က လုံး၀ဆေးကုသခွင့် မပေးဘူးဆိုပြီး ပြောတယ်လို့ သိရတယ်။ အစာအငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသား ရဲဘော်တွေရဲ့ အသက် ရှင်သန် နေထိုင်ခွင့်ဟာ သူတို့ရဲ့လက်ထဲမှာ အကုန်တာဝန်ရှိတယ်ဆိုတာပြောချင်တယ်။ တစ်ခုခုဖြစ်သွားခဲ့ရင် သူတို့ပဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ တာဝန်ခံပေးရမယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

စက်တင်ဘာ ၁၁ ရက် ဒီနေ့တစ်ရက်တည်းမှာပဲ မုံရွာအကျဉ်းထောင်မှာ အစာအငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ရပ်တည်ကြောင်း ထောင်ပြင်ပမှာရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေက “သံဖြတ်လွှ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံကမ်ပိန်း ပြုလုပ် ခဲ့ပါတယ်။

အစာအငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သိမ်းဆည်းသွားတဲ့ အကျဉ်းသားပိုင်ပစ္စည်းတွေ ပြန်ပေးဖို့၊ ပြင်ပက ပေးပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေကို ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုဖို့နဲ့ အစာအငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် အပြည့်အ၀တာဝန်ယူဖို့ စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။