လှိုင်သာယာမှာ ဆိုင်ကယ်ဘေးတွဲတွေပါ လိုက်ဖမ်းနေလို့ ဒေသခံတွေ သွားလာရေးခက်ခဲနေ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲမှာ ဘေးတွဲတပ်ထားတဲ့ မော်တော်ဆိုင်ကယ်တွေကို လမ်းဆုံလမ်းခွနေရာမှာ စောင့်ဖမ်းတဲ့အပြင် အိမ်တွေထဲအထိပါ လိုက်လံဖမ်းဆီးနေတယ် လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မီးခွက်ဈေးနား၊ ရုံးရှေ့၊ ကျောင်းရှေ့မှတ်တိုင်၊ တစ်ထိပ်၊ တပင်ရွှေထီးလမ်းမနဲ့ ရွှေပြည်သာတံတားအဆင်းနား စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သားတွေအပြင် ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ဆိုင်းဖမ်းဆီးနေတာလို့ ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ထား တာကြောင့် ဒေသခံတွေဟာ ဆိုင်ကယ်တွေကို ဘေးတွဲဆိုင်ကယ်အဖြစ် အသွင်ပြောင်းပြီး စားဝတ်နေရေးအတွက် အသုံးပြုနေကြရတာပါ။

အဖမ်းခံရရင် စစ်ကောင်စီတပ်၊ ရဲ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရင်းနှီးသူသာ ပြန်ရွေးလို့ရပြီး ကျန်တဲ့သူကိုတော့ ပြန်မပေးတော့ဘူးလို့ လှိုင်သာယာမြို့နယ်၊ ၈၆ ဂိတ်ဟောင်းအနီးမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းနေပါတယ်။ ဖမ်းတဲ့သူက ဖမ်း၊ မောင်းတဲ့သူက မောင်းနေတာပေါ့။ သူတို့ (စစ်ကောင်စီ) နဲ့ သွားတိုးရင်တော့ ဖမ်းတာပေါ့။ မတွေ့အောင်တော့ ပတ်မောင်း နေတာတွေတော့ ရှိတာပေါ့။ အရင်တုန်းကတည်းက ဖမ်းနေတာ။ သူ့ဟာနဲ့သူတော့ ရှောင်မောင်းနေရတာပေါ့။ ဖမ်းမိရင်တော့ တစ်ခါတည်း သိမ်းသွားတာတွေရှိတယ်။ ပြန်ရွေးလို့ရတာက သူတို့နဲ့အပတ်အသတ်တွေပဲ ပြန်ရွေးလို့ရတာပေါ့။ ဧည့်စာရင်း စစ်ပြီးတော့လည်း အိမ်ထဲတွေထိ ဝင်ဖမ်းတာတွေလည်းရှိနေတယ်။ တော်ရုံတန်ရုံ ဒီဘက်တွေမှာ ဘယ်သူမှမစီးရဲတော့ဘူး”

အရင်က လကုန်ရက်နဲ့ လစာထုတ်ပြီးရက်တွေမှာ ပိုအဖမ်းများပေမယ့် အခုမေလဆန်း ကစပြီး အဖမ်းအဆီး ပိုများလာတယ်လို့ လှိုင်သာယာမြို့နယ်၊ (၁၀) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စီမံကိန်းလား ဘာလားတော့ မသိဘူး။ သူတို့ အလိုမကျရင် ဖမ်းတာပဲ။ ဖမ်းရင် ဘီးအမျိုးအစားကောင်းတာ ပိုဖမ်းတယ်။ စုတ်နေရင် လှည့်တောင်မကြည့်ဘူး။ အခုက ပိုအဖမ်းများတာပေါ့။ လကုန်ပိုင်းကတော့ ပိုဆိုးတယ်။ လစာထုတ်ပြီးချိန်ဆိုရင်လည်း အဖမ်းများတယ်။ ဖမ်းနေတုန်း ပိုက်ဆံပေးပြီး ပြန်ထုတ်ရတာတွေရှိတယ်။ သူတို့နဲ့ နီးစပ်သူတွေပေါ့။ တစ်စီးကို ငါးသောင်းအထက်ပဲ။ တစ်စီးနဲ့ တစ်စီးတော့ မတူဘူး။ ဆိုင်ကယ် အကောင်းအဆိုးပေါ် မူတည်တယ်။ အများစုကတော့ ဆုံးရှုံးသွားတယ်။ တတ်နိုင်သလောက်တော့ လိုက်ရွေးကြရတာပဲ။ ဘေးတွဲတစ်စီးဖြစ်ဖို့ကလည်း ငါးသိန်းကျော်တယ်လေ”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်တစ်စီးတည်း အမျိုးသားနှစ်ဦး မစီးဖို့၊ အနောက်မှာ အမျိုးသား ထိုင်မစီးဖို့ စသဖြင့် ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီတပ်က တဖြည်းဖြည်းကန့်သတ်ပိတ်ပင်ခဲ့ပြီး နောက်ပိုင်း တချို့မြို့နယ်တွေမှာ လုံးဝစီးနင်းခွင့် မပေးတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာလည်း ဒီလိုကန့်သတ်ခဲ့ပြီးနောက်ပိုင်း ဆိုင်ကယ်တွေကိုသာ ဖမ်းဆီးမှုရှိခဲ့ပေမယ့် ဆိုင်ကယ်ဘေးတွဲကို ခွင့်ပြုထားတာကြောင့် ဆိုင်ကယ်ကယ်ရီ သမားအများစုဟာ ဘေးတွဲတပ်ဆင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြတာ ဖြစ်တယ်လို့ လှိုင်သာယာ ဒေသခံတွေ ပြောပါတယ်။

အခုလို ဆိုင်ကယ်ဘေးတွဲတွေပါ ဖမ်းဆီးတာကြောင့် ဒေသခံတွေ စားဝတ်နေရေးအပြင် သွားလာရေးပါ အခက်အခဲရှိနေတယ်လို့ လှိုင်သာယာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမှာက ဆိုင်ကယ်တို့၊ ဘေးတွဲတို့မရှိရင် အဆင်မပြေတဲ့ အနေအထား။ ရပ်ကွက်လမ်းတွေက အရှည်ကြီးတွေလေ။ ဖမ်းတဲ့နေ့ဆို ဘေးတွဲငှားမရတော့ လမ်းထိပ်ကို လမ်းလျှောက်ထွက်ပေါ့။ မဟုတ်ရင်လည်း ကားဂိတ်ထွက်မယ်ဆိုရင် ကယ်ရီသမားက လမ်းကြိုလမ်းကြားထဲက ပတ်မောင်းရတာမျိုးပေါ့။ ရင်တထိတ်ထိတ်နဲ့”

လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ အခြေခံလူတန်းစားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုဟာ ဆိုင်ကယ်နဲ့ ဆိုင်ကယ်ဘေးတွဲတွေကိုသာ အဓိကအားထား သွားလာနေရာတာလို့ ဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင်အထိ ရန်ကုန်စည်ပင်သာယာနယ်နိမိတ် အပြင်မှာရှိတဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ တွံတေး၊ ဒလ၊ ဆိပ်ကြီးခနောင်တိုနဲ့ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ အစရှိတဲ့ မြို့နယ်တွေကိုသာ ဆိုင်ကယ်စီးနင်းခွင့်ပြုထားတာပါ။

ဒါပေမဲ့ လှိုင်သာယာ အပါအဝင် သွားလာရေးခက်ခဲပြီး မြို့နယ်အချို့မျာ ဆိုင်ကယ်စီးနင်းခွင့် မပြုထားပေမယ့် ဖမ်းဆီးတာတွေမလုပ်ခဲ့ဘဲ အာဏာသိမ်းပြီးချိန်နောက်ပိုင်းမှသာ အခုလို ဖမ်းဆီးတာနဲ့ ကန့်သတ်တာတွေ လုပ်လာတာပါ။