မူဆယ်မြို့မှာ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး ၁ ယောက်သေဆုံး

တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူနယ်စပ်ဝင်ပေါက်အနီးက အမိန့်ရ အပေါင်ဆိုင်နဲ့ လောင်းကစားဝိုင်း တွဲဖွင့်ထားတဲ့ ဆိုင်အရှေ့မှာ ဒီဇင်ဘာလ၂၁ရက်နေ့ မနက်က အမည်မသိ လူ သုံးယောက်က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရ ခဲ့ပါတယ်။

လူသုံးဦးဟာ ပထမပိုင်းမှာ အဲဒီနေရာကို ကားနဲ့လာရောက်ခဲ့ပြီး ပြန်သွားခဲ့ကြောင်း အဲဒီနောက် ဆိုင်ကယ် နဲ့ပြန်လာပြီး အခုလို ပစ်ခတ်မှုဖြစ်တာဖြစ်တယ်လို့ မူဆယ်မြို့မရဲစခန်းက စခန်းမှူးဒုရဲမှူး အေးမြင့် က ပြောပါတယ်။

"လောလောဆယ်တော့ တရားခံတစ်ယောက်တော့ မိထားတယ်၊ တရာခံကိုတော့ နာမည်ပဲသိသေးတယ်၊ နေရပ်လိပ်စာ စုံစမ်းဆဲပဲ၊ မူဆယ်မြို့မရဲစခန်း (ပ) ၅ဝ၁/၂ဝ၁၇ ပေါ့၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂/၃ဝ၇/၁၁၁ နဲ့ အရေးယူထားတယ်၊ အပေါင်ဆိုင်ရှေ့မှာ သေးသွားပေါက်တာနဲ့ ပတ်သက်ပြီး စကားများပြီးတော့ ဟိုကောင်တွေက ကားနဲ့ပြန်သွားတယ် ပြီးတော့ ဆိုင်ကယ်နဲ့ပြန်လာပြီးတော့ သေနတ်နဲ့ပစ်သွားတယ်"

လက်ရှိမှာ အခင်းဖြစ်ရာမှာပါတဲ့ ကားနဲ့အမျိုးသားတစ်ဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းထားသလို မူဆယ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေဟာ ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဖြစ်တယ် လို့ ဒေသခံတွေက ပြောပေမယ့် ရဲတပ်ဖွဲ့ကတော့ အဲဒီကိစ္စကို အတည်မပြုပါဘူး။

သေနတ်နဲ့ ပစ်ခတ်သူတွေဟာ လောင်းကစားဝိုင်းမှာ ကားနဲ့လာကစားပြီး ပြန်သွားပြီးနောက် ဆိုင်ကယ် နဲ့ပြန်လာပြီး အပေါင်ဆိုင်ရှေ့မှာ အပေါ့စွန့်တာကနေ လုံခြုံရေးယူထားတဲ့ လုံထန်ပြည်သူ့စစ်အဖွဲ့တွေနဲ့ ရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နောက်ပိုင်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို တပ်မတော်ဘက်က တာဝန်ရှိသူတွေ ကလည်း ဆေးရုံမှာ သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှာ ပြည်သူ့စစ်အမည်ခံ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေမှာ အခုလိုမျိုးသေနတ်ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။