မူဆယ်-မန္တလေးလမ်း ကားပိတ်ဆို့မှု ထပ်ဖြစ်


2016.12.23
muse-mdy-truck-620.jpg မန္တလေး - မူဆယ်ကားလမ်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် နမ့်ဖက်ကာနဲ့ ကွတ်ခိုင်ကြားမှာ အခုရက်ပိုင်း ကားလမ်း ပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

အဲဒီ ကားပိတ်ဆို့မှုတွေကြောင့် အချိန်မီရောက်ရမယ့် သစ်သီးကုန်တွေ အချိန်မီမရောက်လို့ ပျက်စီးဆုံးရှုံးတာတွေ၊ အရည်အသွေးမကောင်းလို့ ဈေးနှိမ်ခံရတာတွေကြောင့် ထိခိုက်ဆုံးရှုံမှုတွေ ရှိနေတယ်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် သစ်သီးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းမြင့်ဗိုလ် ကပြောပါတယ်။

"ဖရဲသီးလိုမျိုးဆိုရင် ကားတစ်စီးကို နှစ်တန်အောက်လောက် ပယ်သီးထွက်နေတယ်၊ အခုလက်ရှိ အနေအထားမှာပေါ့၊ ဒီနေ့လိုမျိုး ဖရဲသီးကောင်းတဲ့ဟာဆိုရင် တစ်တန်ကို ၄၅၀၀ (တရုတ်ငွေ) အထက်မှာရှိတယ်၊ တစ်တန်ကို အခုလက်ရှိ ငွေဈေးနဲ့ဆိုရင်  ၈ သိန်းခွဲနဲ့ ၉ သိန်း ကြားမှာရှိတယ် ၊ နှစ်တန်လောက် ပျက်စီးသွားရင် နစ်နာမှုက သိန်းဆယ်ဂဏန်းဖြစ်သွားပြီ။ ဒီလမ်းဆိုးတာရယ် လမ်းခရီးမှာ ကားတွေပိတ်နေတာရယ်က သစ်သီးကုန်စိမ်းကို အများကြီး ထိခိုက်စေပါတယ်"

ကုန်သွယ်ရေး ကောင်းမွန်တဲ့ရာသီဖြစ်လို့ ကုန်ပို့ဆောင်တဲ့ ကုန်ကားအရေအတွက်များလာတာ၊ လမ်းပြင်နေတာ အပြင် ကားနဲ့ လမ်းနဲ့ မမျှတတာတွေကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်နေတာလို့ ဦးစိုင်းမြင့်ဗိုလ်က ပြောပါတယ်။

အရင်က မန္တလေး- မူဆယ် ခရီးကို အများဆုံး နှစ်ညအိပ်သာ မောင်းရပေမယ့် အခုရက်ပိုင်း ကားပိတ် တာတွေကြောင့် ငါးညအိပ်ထိ ကြန့်ကြာလာတာတွေ ရှိလာတာဖြစ်ပါတယ်။

ကားလမ်းပိတ်တာတွေကြောင့်  ကားခဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။

အရင်က မန္တလေးမြို့ဝန်းကျင်ကနေ  မူဆယ်ကို ဖရဲသီး တင်ပို့မယ်ဆိုရင် ကုန်ကားခက တစ်တန်ကို  ကျပ် ငါးသောင်းဝန်းကျင်ရှိခဲ့ရာကနေ အခုရက်ပိုင်းမှာ တစ်တန်ကို ပို့ခ ကျပ်ကိုးသောင်းဝန်းကျင်ထိ နှစ်ဆနီးပါး မြင့် တက်သွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။