ထိုင်းနိုင်ငံက မြန်မာ ဘုန်းကြီးကျောင်းများအရေး သံအမတ်ကြီး ဆောင်ရွက်ပေး
2013.10.10
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ မြန်မာသံဃာတော်တွေကို ကျောင်းထိုင်ဘုန်ကြီးအဖြစ် သတင်းသုံးနေထိုင်ပြီး သာသနာပြုခွင့်ရရှိရေးကိစ္စတွေကို ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်း၊ မဲဆောက်မြို့လယ်က ကျောင်းကြီးကျောင်းနဲ့ မယ်တော်ကျောင်းတွေကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအစိုးရတွေနဲ့ သံဃာအဖွဲ့အစည်းတွေရဲ့ တရားဝင်သဘောတူခွင့်ပြုချက်နဲ့ မြန်မာသံဃာတော်တွေ ကျောင်းထိုင်သာသနာပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက RFA ကို အခုလိုပြောပါတယ်။
“အဓိကအားဖြင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ မြန်မာသံဃာတော်တွေ ကျောင်းထိုင်အဖြစ် သတင်းသုံးခွင့်ရအောင် သာသနာပြုခွင့်ရအောင်ပေါ့နော်၊ တတိယကတော့ ဒီမဲဆောက်ကိုလာတာပေါ့နော်၊ မဲဆောက်မှာ မြန်မာသံဃာတော်တွေ ကျောင်းထိုင်နေတဲ့ ကျောင်းသုံးကျောင်းကို လာပြီးတော့မှ တရားဝင် နှစ်ဖက်အစိုးရက အပြန်အလှန် အသိအမှတ်ပြုတယ်၊ နှစ်ဖက်သံဃာအဖွဲ့အစည်းတွေက အပြန်အလှန်အသိအမှတ်ပြုပြီးတော့မှ ခန့်ထားပေးနိုင်ဖို့အတွက် လာပြီးတော့မှ ဒီမှာစုံစမ်းမေးမြန်းပြီးတော့မှ လိုအပ်တာလေးတွေ စီစဉ်ပေးနေတာပေါ့ဗျာ၊ ကျွန်တော်လာတဲ့ရည်ရွယ်ချက်ကတော့ ဒါပါပဲ”
မြန်မာသံအမတ်ကြီးနဲ့အဖွဲ့ အခုလို လာရောက်ဆောင်ရွက်ပေးခဲ့တာနဲ့ ပတ်သက်လို့ သက်တော် ၆၃ နှစ် ဝါတော် ၄၃ ဝါရှိပြီဖြစ်တဲ့ မယ်တော်ဘုန်းကြီးကျောင်းရဲ့တိုက်အုပ်ဆရာတော် ဦးစန္ဒိမာက အခုလိုမိန့်ကြားပါတယ်။
“ကိုယ့်မြန်မာကျောင်းတွေ မပပျောက်အောင် ဒါယိကာ ဒါယိကာမတွေရော ဦးဇင်းတွေရော အကုန်လုံး ညီညီညွှတ်ညွှတ်ဖြစ်အောင် သူကလာဝိုင်းထိန်းပေးတယ်ပေါ့၊ စောင့်ရှောက်ပေးတယ်ပေါ့။ ဦးဇင်းတို့ ကျေးဇူးအများကြီးတင်တယ်၊ ဦးဇင်းတို့လည်း အားရှိသွားတယ်၊ ဒါယိကာ ဒါယိကာမလည်း အားရှိသွားတာပေါ့”
ထိုင်းနိုင်ငံအတွင်းမှာ ယခင်က မြန်မာကျောင်းထိုင်ဘုန်းကြီးကျောင်းပေါင်း ရာနဲ့ချီခဲ့ပေမယ့် အခုအခါမှာတော့ ဆယ်ဂဏန်းဝန်းကျင်လောက်ပဲရှိတော့ကြောင်း၊ လက်ရှိ ထိုင်းနိုင်ငံတွင်းမှာ အဆင့်မြင့်ဗုဒ္ဓစာပေတွေ ဆည်းပူးနေတဲ့ သံဃာတော်တွေအပါအဝင် မြန်မာသံဃာတော် ထောင်ဂဏန်းလောက် သတင်းသုံးနေထိုင်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က ဝပ်ဆိုင်း မွန်ဘုန်းကြီးကျောင်း၊ မယ်ဟောင်ဆောင်ခရိုင် မဲစရင်းမြို့နယ်က မန္တလေးကျောင်းတွေမှာ မြန်မာကျောင်းထိုင်ဘုန်းကြီး ထားရှိရေးကိစ္စကို ပြီးခဲ့တဲ့လပိုင်းအတွင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သလို၊ အခုမဲဆောက်က မြန်မာဘုန်းကြီးကျောင်းတွေ မှာ မြန်မာဘုန်းတော်ကြီးတွေ ခန့်အပ်သတင်းသုံး သာသနာပြုနိုင်ဖို့ တတိယမြောက်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။









