မဲစာရင်းမှာ မပါသူတွေ မဲ ပြန်ပေးနိုင်ကြောင်း တိုကျို မြန်မာသံရုံး ကြေညာ
2015.10.19
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ကြိုတင်မဲပေးခွင့်ရှိသူ စာရင်းမှာပါပေမယ့် မဲလက်မှတ်မပါ တာကြောင့် မဲမပေးခဲ့ရသူတွေနဲ့ မဲပေးခွင့်ရပေမယ့် မဲလက်မှတ် အားလုံးမရခဲ့သူတွေ ပြန်လည်မဲပေးခွင့်ရ မှာဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီနေ့ ကြေညာလိုက်ပါတယ်။
ကြိုတင်မဲပေးခွင့်ရှိသူစာရင်းမှာ မပါတာတွေ ဆန္ဒမဲလက်မှတ် အပြည့်အစုံမရတာတွေကို မြန်မာနိုင်ငံသားတွေက သံရုံးကို တင်ပြတာကြောင့် အခုလိုသံရုံးက ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ဂျပန်နိုင်ငံရောက်ရှိ နေတဲ့ ကိုသောင်းမြင့်ဦးက ပြောပါတယ်။
"အဲဒါကတော့ သူတို့အနေနဲ့ အတတ်နိုင်ဆုံး လုပ်ကိုင်ဆောင်ရွက်ပေးတယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်၊ ဒါပေမဲ့ တမင်သက်သက်လုပ်တာလား၊ အားနည်းတာလား၊ တိကျသေချာမှု မရှိတာကတော့ သေချာတာဗျာ၊ ဒီဟာက ရွေးကောက်ပွဲကော်မရှင်က လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်လို့ မြင်ပါတယ်"
ဂျပန်နိုင်ငံမှာ ကြိုတင်မဲပေးခွင့်ကို အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ၂၃ ရက်နေ့အထိ ခွင့်ပြုပေးထားတာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ အင်္ဂလန်၊ အမေရိကန်စတဲ့ ၄၆ နိုင်ငံကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ရက်နေ့ကစပြီး သက်ဆိုင်ရာသံရုံးတွေက သတ် မှတ်ပေးတဲ့ရက်မှာ ကြိုတင်မဲပေးနေကြတာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၃ရက်နေ့ကစပြီး ၁၇ရက်နေ့အထိ ၅ရက်အတွင်း ကြိုတင်မဲပေးတဲ့ ပြည် ပရောက် မြန်မာနိုင်ငံသား တစ်သောင်းတစ်ထောင်ကျော် ရှိတယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။