အာဏာသိမ်းခေါင်းဆောင် ဒုတိယအာဆီယံခရီးစဥ်အဖြစ် ထိုင်းနိုင်ငံကို သွားရောက်မည်

ထိုင်းနိုင်ငံက ကမကထပြုကျင်းပတဲ့ ဘန်ကောက်မြို့က အာဆီယံမြန်မာ တွေ့ဆုံပွဲအပြီး နောက်ရက်မှာ ထိုင်းခရီးစဥ်ထွက်ပေါ်လာခြင်းဖြစ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ စစ်တပ်ခန့်သမ္မတအဖြစ် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ လည်းဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံကို သြဂုတ်လထဲမှာ ချစ်ကြည်ရေး ခရီးသွားရောက်မယ် လို့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဇူလိုင်လ ၁၃ ရက်နေ့က ရေးသား လိုက်ပါတယ်။

ဒါဟာ အရပ်သားသမ္မတအဖြစ် စစ်တပ်ကြီးစိုးထားတဲ့ နေပြည်တော်လွှတ်တော်က ဧပြီလက ရွေးချယ် တင်မြောက်ခဲ့အပြီး စတုတ္ထမြောက် အိမ်နီးချင်းနိုင်ငံခရီးစဥ်ဖြစ်သလို ဒုတိယမြောက် အာဆီယံ နိုင်ငံ ခရီးစဥ်လည်းဖြစ်ပါတယ်။

ဒီခရီးစဥ်သွားရောက်မယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြရေးသားနေပေမယ့် စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတွေကတော့ ဒီခရီးစဥ်နဲ့ ပတ်သက်လို့ တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဗိုလ်ချုပ်မှူးကြီး ရာထူးကို စွန့်လွတ်ပြီး သမ္မတအဖြစ် လွှဲပြောင်းရာထူးရယူခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ဇွန်လမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ကို သွားရောက်ခဲ့ပြီး ဇူလိုင်လဆန်းမှာ လာအိုနိုင်ငံ ကို သွားရောက်ခဲ့ပါတယ်။

ဒီလို ထိုင်းနိုင်ငံကို ချစ်ကြည်ရေးသွားရောက်မယ့်အကြောင်း သတင်းထွက်‌လာတာဟာ မြန်မာနဲ့အာဆီယံ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တနင်္ဂနွေနေ့က ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးအပြီး နောက်ရက်မှာ သတင်းထွက်လာတာလည်းဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်ဟာ အရပ်သားရာထူးနဲ့ ပထမဆုံး ထိုင်းကို သွားရောက်တဲ့ခရီး ဖြစ်ပြီး အရင်က စစ်ခေါင်းဆောင် ရာထူးနဲ့ ၂၀၂၅ ဧပြီလက ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ စီးပွားရးနဲ့ နည်းပညာဆိုင်ရာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အစည်းအဝေးကို တက်ဖို့ ထိုင်းကို သွားရောက်ခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး မြန်မာနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အာဆီယံမှာ ဦးဆောင် ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်သလို စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရအပြီး ပထမဆုံး သမ္မတသစ်ကို ထောက်ခံကြောင်း ချီးကျူးစကားပြောတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့အပြင် ဧပြီလကလည်း နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်ကို စေလွှတ်ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။