အင်းလေး မြေဧက ၉၀ ကို ပြန်လည်စိစစ်ဖို့ သမ္မတရုံး ညွှန်ကြား


2018.10.04
inlay-lake-myanmar-naing-group-622.jpg အင်းလေးကန်ထဲက မိုင်းသောက်ရွာနားမှာ Myanmar Naing Group Co,Ltd ရဲ့ ဟိုတယ်ဆောက်မယ့် မြေနေရာကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ မိုင်းသောက်ကျေးရွာအနီးမှာ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ ပိုင်တဲ့ Myanmar Naing Group Co, Ltd ရဲ့ မြေဧက ၉၀ နဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်ပေးသင့် မပေးသင့် ပြန်လည်စိစစ်ဖို့ သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ စိစစ်ရေးကော်မတီအဖွဲ့ဝင်တွေ အင်းလေးကို မနက်ဖြန် သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက RFA ကို ပြောပါတယ်။

"အခုဟာက မနက်ဖြန်စစ်မှာပေါ့လေ အဲ့ဒီဧက ၉၀ ကို၊ ရှမ်းပြည်နယ်အစိုးရကဖွဲ့ပေးတဲ့ ၃ ယောက်နဲ့လာစစ်မယ်ဗျ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေရယ် ပြည်သူသူရယ် နောက်ကုမ္ပဏီဘက်ကလည်း တွေ့မယ်ထင်တယ်၊ အဲ့တာတွေ့ရှိချက်တွေကို ပြန်ပို့ပေးမှာလို့ ကျတော်ထင်တယ်ဗျ"

ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်ဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်ရုံးကို အစီရင်ခံ တင်ပြထားပါတယ်။

အဲဒီဧက ၉၀ နေရာဟာ သစ်တောရေးရာဝန်ကြီးဌာနက ၂၀၁၁ ခုနှစ် ၃ လပိုင်းက သဘာဝဘေးမဲ့တော ဧရိယာထဲကနေ မြေလွတ်မြေရိုင်းအဖြစ် ပယ်ဖျက်ပေးခဲ့တာဖြစ်ပေမယ့် သဘာဝကျွန်းမျောနေရာဖြစ်လို့ အင်းလေးကန်ရဲ့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးသွားမှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

အင်းလေးကန်ရဲ့ ၁၀ မိုင်ပတ်လည်မှာ ဟိုတယ်တွေ ထပ်မဆောက်ရဆိုပြီး အရင်အစိုးရလက်ထက်က အမိန့်ထုတ်ပြန်ခဲ့သလို ဟိုတယ်ဇုံအဖြစ် ဧက ၆၀၀ ကျော် သတ်မှတ်ထားတဲ့နေရာမှာတော့ ဟိုတယ် ၂ လုံးသာ ရှိနေတယ်ဖြစ်ပါတယ်။

အင်းလေးကန်ဟာ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ဇီ၀ ဝန်းကျင်အမွေအနှစ်လည်းဖြစ်သလို အာဆီယံ အမွေအနှစ်ဥယျာဉ်နဲ့ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၁၄ ခုနှစ်စပြီး သတ်မှတ်ထားတဲ့နေရာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ RFA က ပြီးခဲ့တဲ့ သြဂုတ်လက အကျယ်ထုတ်လွှင့်ခဲ့ဖူးပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။