တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သာရမဲရွာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရပ်ကွက် ဒု-ဥက္ကဋ္ဌ ဦးအောင်မျိုးဦးနဲ့ အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ကျောင်းဆရာမ သုံးယောက်ကို စစ်တပ်က ဇူလိုင် ၁၂ ရက်၊ ည ၁၂ နာရီအချိန်မှာ အရပ်ဝတ်ပုံစံနဲ့ လာရောက်ဖမ်းဆီး သွားတယ်လို့ အမည် မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“လောလောဆယ် မြိတ်မြို့မရဲစခန်းမှာ CDM ဆရာမ သုံးယောက်ကို စစ်ဆေးနေတာ လုပ်နေတယ်။ အဲဒါကြောင့် ဆွေမျိုးသားချင်းတွေက လာစောင့်နေတာ အခြေအနေ သိရအောင်လို့။ NLD ဥက္ကဋ္ဌ ဦးအောင်မျိုးဦးကျတော့ ဘယ်မှာဖမ်းထားလဲဆိုတာ အခုထက်ထိ မသိရသေးဘူး။ ဒါပေမဲ့ ရဲစခန်းက ပြောတာအရဆို စစ်တပ်ထဲမှာ ဖမ်းထားတယ်လို့ ပြောပါတယ်”
NLD ရပ်ကွက် ဒုဥက္ကဋ္ဌ ဦးအောင်မျိုးဦးကိုတော့ ဖေ့ဘွတ်စ်ပေါ်မှာ စစ်ကောင်စီနဲ့ ပတ်သက်လို့ ဆဲဆို ထားတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပြီး CDM ဆရာမ သုံးယောက်ကိုတော့ ဘာအတွက်ကြောင့် ဖမ်းဆီး ထားတာလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
သူတို့ကို လာဖမ်းဆီးချိန်မှာလည်း အရပ်ဝတ်၊ ကား သုံးစီးနဲ့ အင်အား ၂၀ ကျော်သုံးပြီး စစ်တပ်က လာဖမ်း ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း မြိတ်မြို့အခြေစိုက် DVB သတင်းထောက်ရဲ့ နေအိမ်ကို စစ်သားနဲ့ ရဲတွေက သေနတ်တွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလည်း ရှိခဲ့ပါတယ်။
