UEC မူဝါဒသစ်ကြောင့် လူနည်းစု မြိုတိုင်းရင်းသားပါတီ ဖျက်သိမ်း

ခိုင်တိုင်းရင်းသား လူနည်းစုမျိုးနွယ်စုဝင်ဖြစ်တဲ့ မြိုတိုင်းရင်းသားပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသစ်ပြဌာန်းထားတဲ့ သတ်မှတ်ချက်ကို ပြည့်မီအောင် လုပ်ဆောင်ဖို့ခက်ခဲတာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ ပါတီ တာဝန်ရှိသူတွေက RFA ကို ဒီနေ့ပြောပါတယ်။

မြိုတိုင်းရင်းသားပါတီဟာ စစ်ကောင်စီကဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကို ၂၀၂၃ မတ်လ ၂၄ ရက်နေ့မှာ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့ မှတ်ပုံတင်ခွင့် ရခဲ့တာပါ။

ဒါပေမဲ့ သတ်မှတ်ကာလအတွင်း မြို့နယ်ငါးခုမှာ ပါတီရုံးဖွင့်လှစ်ရမယ်ဆိုတဲ့ ပြဌာန်းချက် အရ မြို့နယ် သုံးခုမှာသာ ရုံးဖွင့်လှစ်နိုင်ခဲ့တာကြောင့် ဖျက်သိမ်းလိုက်ရတာလို့ မြိုတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးအေးထွန်းက RFA ကို ပြောပါတယ်။

"ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မှာ ရုံးမဖွင့်နိုင်။ ဒါကြောင့် မြို့နယ်တိုင်းက ကိုယ်စားလှယ်တွေကို အစည်းအဝေးခေါ်ပြီး အဲဒီအခက်အခဲကို မကျော်လွှားနိုင်တဲ့ အခြေအနေမျိုးကို တင်ပြလာကြတယ်။ ဆိုတော့ အားမတန်ရင် မာန်ကိုလျှော့ဆိုပြီး ထွက်လိုက်ကြတာပါ"

မြိုတိုင်းရင်းသားပါတီဝင်တွေဟာ ကျေးလက်ဒေသတွေမှာ အခြေချနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် မြို့ပေါ်မှာ ရုံးဖွင့်ဖို့ ငွေရေးကြေးရေး အခက်အခဲကြောင့် အောက်တိုဘာ ၂၇ ရက်နေ့မှာ ပါတီဖျက်သိမ်းလိုက်ရတာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးအေးထွန်းက ဆက်ပြောပါတယ်။

"ပါတီရုံးခန်း အနည်းဆုံး ငါးမြို့နယ်မှာ ငါးခုဖွင့်ပေးရမယ်ဆိုတဲ့အချက်မှာ ငြိတာပေါ့။ ငြိတယ်ဆိုတာ မြို့မှာ ကိုယ့်လူမျိုးတွေက မနေကြတော့ မြို့မှာရုံးမဖွင့်နိုင်။ မဖွင့်နိုင်တာက ဥပမာ မြို့မှာဖွင့်မယ်ဆိုရင် ငွေရေးကြေးရေး အများကြီးလိုအပ်တာကိုး"

မြိုတိုင်းရင်းသားပါတီဟာ ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်ခွင့်ရပါတီ ငါးခုအနက် တစ်ခုဖြစ်ပြီး မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ စစ်တွေ စတဲ့ မြို့နယ် ငါးခုမှာ ပါတီရုံးဖွင့်လှစ်ရမှာပါ။

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး အရင်ကရှိနေတဲ့ပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာပါ။

အဲဒီဥပဒေသစ်ပြဌာန်းချက်တွေထဲမှာ ပြည်နယ်အဆင့်မှတ်ပုံတင်ခွင့်ရရှိထားတဲ့ ပါတီတွေအနေနဲ့ ပါတီရဲ့ ရန်ပုံငွေ ကျပ်သိန်းတစ်ရာကို ပါတီမှတ်တင်လျှောက်ရာမှာ တစ်ပါတည်းတင်ပြရမယ်။ မှတ်ပုံတင်ခွင့်ကျပြီးနောက် နှစ်လအတွင်း ပါတီဝင် အင်အားတစ်ထောင်နဲ့ ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံးမြို့နယ်ငါးခုမှာ ရုံးခန်းတွေလှစ်နိုင်ရမယ်လို့ ပါရှိပါတယ်။

ရခိုင်ပြည်နယ်မှာ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြတဲ့ ပါတီခြောက်ခုရှိပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ မြိုတိုင်းရင်းသားပါတီ (MNP)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP) တို့ ဖြစ်ကြပါတယ်။