Mytel ကို အရေးယူဖို့ ဗြိတိန်နဲ့အီးယူကို Burma Campaign UK တောင်းဆို
2025.01.09
မြန်မာနိုင်ငံက ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mytel ကို အမေရိကန်က ပိတ်ဆို့အရေးယူတဲ့အပေါ် ကြိုဆိုကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဗြိတိန်နဲ့ EU ဥရောပသမဂ္ဂတို့အနေနဲ့ အမေရိကန်လိုပဲ Mytel ကို ဒဏ်ခတ်အရေးယူဖို့လည်း ဒီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Mytel ဟာ မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးအင်ပါယာသရဖူက ရတနာတစ်ပါးဖြစ်ပြီး ကုမ္ပဏီကို ဒဏ်ခတ်အရေးယူဖို့အချိန်က နောက်ကျနေပြီလို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ဗီယက်နမ်တယ်လီကွန်းကုမ္ပဏီ Viettel တို့ကြား ဖက်စပ်လုပ်ကိုင်နေတဲ့ Mytel ကုမ္ပဏီကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်က ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Viettel ကို ဗီယက်နမ်စစ်တပ်က ပိုင်ဆိုင်ပြီး မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတာကြောင့် Burma Campaign UK က နာမည်ပျက်စာရင်းမှာ ထည့်သွင်းထားပါတယ်။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ Mytel ကုမ္ပဏီဟာ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီရာရောက်နေတယ်လို့ Justice For Myanmar အဖွဲ့က ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။