ရေကြောင်းခရီးသွားနေတဲ့ ရိုဟင်ဂျာ ၅၇ ဦးကို ပုသိမ်မှာ ဟန့်တား
2020.02.13
သက်သေအထောက်အထားမပြသနိုင်တဲ့ လှေစီးဒုက္ခသည် ရိုဟင်ဂျာ ၅၀ နီးပါးဟာ ပုသိမ်မြို့နယ် ပေါက်လှဂျိုင်ကျေးရွာအနီး ပင်လယ်မှာ မနေ့ညပိုင်းတုန်းက တပ်မတော်ရေက ဖမ်းဆီးတာခံခဲ့ရပါတယ်။
သူတို့ကို ဘယ်ကိုဆက်ပို့ရမလဲဆိုတာကို ညွှန်ကြားချက်စောင့်နေတယ်လို့ ပုသိမ်မြို့နယ် မကျီးဇင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း ကပြောပါတယ်။
“ပင်လယ်ပြင်မှာမိတဲ့ ကုလားတွေက ကျနော်တို့ဘယ်နှစ်ယောက်မှန်းလည်းမသိဘူး၊ ၄၈ ယောက်လို့လည်းပြောတယ်၊ အဲဒါကိုတပ်မတော်ရေတပ်က ထိန်းထားတယ်ခင်ဗျ၊ သူတို့အပေါ်ကအမိန့်ကိုစောင့်နေတယ်၊ ပြန်ပို့ဆိုလည်းပို့မယ်၊ လွှဲပြောင်းပေးဆိုလည်း လွှဲပြောင်းပေးမယ်ပေါ့၊ လက်ရှိအနေအထားကတော့ အဲဒီလိုပဲ”
ဒီလှေစီးဒုက္ခသည် ရိုဟင်ဂျာတွေကို လူကုန်ကူးလာတဲ့ပွဲစား ငါးဦးကိုလည်း ပေါက်လှဂျိုင်ကျေးရွာမှာ ဖမ်းထားတယ်လို့ ဦးမြင့်သိန်း ကပြောပါတယ်။
ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကလား၊ ရခိုင်ပြည်နယ် တစ်နေရာရာက ထွက်လာသူတွေလားဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေဟာ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ခံထားတာကြောင့် အသက်ရှင်ရပ်တည်ဖို့ အခက်အခဲရှိလာပြီး ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလေ့ရှိပါတယ်။
ဒီလို့ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ရန်ကုန်အခြေစိုက် မွတ်စလင်သတင်းတွေရေးသားတဲ့ ချွန်းဂျာနယ်အယ်ဒီတာ ကိုကျော်နေမင်း ကပြောပါတယ်။
“ရခိုင်ပြည်နယ်ကထွက်လာတဲ့ ဒီကလေးတွေက အရွယ်မရောက်သေးတဲ့ ကျောင်းသားတွေပါ၊ သူတို့က ဟိုကျောင်းတက်ဖို့ အခက်အခဲရှိတာရယ် အလုပ်အကိုင်အခွင့်အလမ်းမရှိတာကြောင့် ရရာလမ်းကြောင်းကနေသွားတာပေါ့၊ အစိုးရအနေနဲ့ စေတနာရှိရင်၊ ရိုးသားရင် ဒီကိုတောင် ပညာသင်ဖို့လုပ်ထားတာ၊ ဖမ်းဆီးတာတွေမလုပ်ဘဲနဲ့ မူရင်းနေရာပြန်ပို့သင့်တယ်၊ ဒီလူတွေ ဘာကြောင့်ဒီလို့ထွက်ပြေးနေရသလဲဆိုတာကို အရင်းအမြစ်ကို အစိုးရအနေနဲ့ စုံစမ်းသင့်တယ်”
ဒီထွက်ပြေးလာတဲ့ မွတ်စလင်ရိုဂျာတွေကို ဖမ်းထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စမသိသေးဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လဝကဝန်ကြီး ဒေါက်တာစိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်မဖြေပါဘူး။ ဒီလို့ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးလာတာဟာ အခုမှမဟုတ်ဘဲ ပြီးခဲ့တဲ့၂၀၁၂ခုနှစ် ရခိုင်ပဋိပက္ခတွေဖြစ်ပြီးနောက်ပိုင်းကတည်းက ဖြစ်ပါတယ်။
အခုရက်ပိုင်းမှာဆိုရင် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေဟာ နေထိုင်ဖို့အခက်အခဲရှိတာကြောင့် ထွက်ပြေးတာတွေ များလာတယ်လို့ လူ့အခွင့်ရေးသမားတွေကပြောပါတယ်။
ဒီလို့ထွက်ပြေးလာတဲ့သူတွေကို နေရပ်ပြန်ပို့တာထက် သူတို့ကို နိုင်ငံတကာအဖွဲ့တွေနဲ့ပေါင်းပြီး တာဝန်ယူပေးသင့်တယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်း ကပြောပါတယ်။
“ထွက်ပြေးလာတဲ့သူတွေကို ပြန်ပို့တယ်ဆိုတဲ့လုပ်ရက်မျိုးက အစိုးရအနေနဲ့မလုပ်သင့်ဘဲနဲ့ ဘယ်လို့လုပ်သင့်လည်းဆိုရင် UN လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ဒီလူတွေကို ဘယ်လို့တာဝန်ယူမလဲဆိုတာမျိုးကို လုပ်သင့်တယ်၊ သူတို့ကိုနေရပ်ပြန်ပို့တယ်ဆိုတာက သူတို့ကိုဒုက္ခတွင်းထဲ ပြန်ပို့သလိုဖြစ်နေတယ်လို့ ကျနော်ခဏခဏပြောထားတယ်”
ဖေဖော်ဝါရီလ ၁၀ ရက်နေ့လောက်ကလည်း တနင်္သာရီတိုင်း မြိတ်မြို့မှာ အထောက်အထားမပြနိုင် မွတ်စလင် ခုနှစ်ဦးကို ဖမ်းဆီးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာနေထိုင်သူ ၁၃၀ ကျော် လိုက်ပါလာတဲ့လှေဟာ မလေးရှားနိုင်ငံဘက်ကိုအသွားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်းနားမှာ တိမ်းမှောက်ခဲ့တာကြောင့် ၁၅ ဦးထက် မနည်းသေဆုံးခဲ့ပါတယ်။