အပစ်ရပ်ခုနစ်ဖွဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်တော့မည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် စတင်တော့မယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က မတ်လ ၁၇ ရက်မှာ ပြောပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖက်အဖြစ် ရပ်တည်နေတဲ့ အပစ်ရပ်ခုနစ်ဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၁၇ ရက်ကနေ ၁၉ ရက်အထိ မျက်နှာစုံညီ အစည်းအဝေးကျင်းပနေပြီး ဗိုလ်ချုပ်ကြီးယွက်စစ်က သဘာပတိအဖြစ် ဆောင်ရွက်နေတာပါ။

ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကိုစတင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်မယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

“မိမိတို့ ခုနစ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအသီးသီးမှာ မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာဖြစ်ပါတယ်။ မိမိတို့ဒေသတွေမှာ ရှိနေတဲ့လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဒါနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်မပြောပါဘူး။

ဒီအစည်းအဝေးကနေ အပစ်ရပ်ခုနစ်ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံသစ်ရဲ့ နိုင်ငံရေးအဆိုပြုချက်နဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေကို အတည်ပြုသွားမယ်လို့ သူက ပြောပါတယ်။

မျက်နှာစုံညီ အစည်းအဝေးကို NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA - PC) နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ တက်ရောက်နေပါတယ်။