NLD အစိုးရ လက်ထက်မှာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုဖွင့် အရေးယူမယ်လို့ မေလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တဲ့နေ့မှာ ပထမဆုံး ဖမ်းဆီးခံရတဲ့သူတွေထဲ ဦးဘိုဘိုငယ်လည်း ပါပါတယ်။
သူ့ကို ဖမ်းသွားပြီးနောက် မိသားစုက ဘာသတင်းအချက်အလက်မှ မရခဲ့တဲ့အပြင် စစ်ကြောရေးမှာ သေဆုံးသွားပြီ ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဖမ်းဆီးထားပြီး အချိန်တစ်နှစ်ကျော်ကြာမှ စစ်ကောင်စီဘက်က ဦးဘိုဘိုငယ်သတင်းကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ ဦးဘိုဘိုငယ်ဟာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်တွေအပေါ် လုပ်ထုံးလုပ်နည်းနဲ့အညီ ကြီးကြပ်မှုအားနည်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ကြီးကြပ်ကွပ်ကဲမှု အားနည်းတဲ့အတွက် နိုင်ငံတော်က ရသင့်တဲ့ အခွန်ငွေတွေ၊ ဘဏ်အတိုးတွေ နစ်နာဆုံးရှုံးခဲ့တာကို စစ်ဆေးပေါ်ပေါက်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆို အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဦးဘိုဘိုငယ်ဟာ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်း တက္ကသိုလ်ကနေ စီးပွားရေးဆိုင်ရာ မဟာဘွဲ့၊ ဗြိတိန်နိုင်ငံကနေ စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့တွေ ရရှိထားသူ ဖြစ်ပါတယ်။
NLD အရပ်သားအစိုးရ တက်လာပြီးနောက် တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် ပြန်လာကြဖို့ ပြည်ပရောက် မြန်မာတတ်သိပညာရှင်တွေကို
ဖိတ်ခေါ်ချိန်မှာ ဦးဘိုဘိုငယ်လည်း မြန်မာပြည်ကို ပြန်လာခဲ့ပြီးနောက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် NLD အစိုးရရဲ့ တာဝန်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။