NLD ပါတီ မဲဆွယ်ဆိုင်းဘုတ်တချို့ ဖျက်ဆီးခံရ

အောင်သိင်္ခ
2020-09-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက စိုက်ထူထားတဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ တိုင်းနဲ့ ပြည်နယ်တချို့က မြို့နယ်တွေမှာ ဖျက်ဆီးခံရတာတွေ ရှိနေပါတယ်။

မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ စစ်ကိုင်း၊ မုံရွာနဲ့ တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD မဲဆွယ်စည်းရုံး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတာပါ။

မန္တလေးတိုင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့က ဖျက်ဆီးခံလိုက်ရတာနဲ့ ပတ်သက်ပြီး  မဟာအောင်မြေမြို့နယ် တရားရုံးနဲ့ ရဲစခန်းကို ဆက်သွယ်တိုင်ကြားခဲ့တယ်လို့ NLD ပါတီရဲ့ မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ဇော်အောင်က ပြောပါတယ်။

“ကျနော်တို့က သိတာက ၁၃ ရက်နေ့ သိတာပေါ့ဗျာ၊ ၁၃ ရက်နေ့မှာပဲ ကျနော်တို့က သက်ဆိုင်ရာ ရဲစခန်းကို အမှုဖွင့်လိုက်တယ်၊ ဖွင့်လိုက်တော့ သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူက တရားရုံးကို ဦးတိုက်လျှောက်ပါ ဆိုပြီးတော့ ၁၄ ရက်နေ့မှာကျနော်တို့က ထပ်ပြီးတော့ ဦးတိုက်သွားလျှောက်တာပေါ့၊ တရားရုံးက တရားခံ မပါဘူးဆိုပြီးတော့ ဦးတိုက်လျှောက်လို့ အဆင်မပြေဘူးဆိုပြီးတော့ ဒီလိုမျိုး ကျနော်တို့ကို အကြောင်းပြန် တယ်၊ ရဲစခန်းကိုတော့ ကျနော်တို့ အကြောင်းကြားထားတယ်”

NLD ဆိုင်းဘုတ်ဖျက်ဆီးသူတွေကို ဖမ်းဆီးရမိဖို့အတွက် ရဲစခန်းကို တိုင်ကြားချိန်မှာ ရဲအရေးမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ဖို့ ရဲတပ်ဖွဲ့က ပြောတယ်လို့ ဦးဇော်ဇော်အောင်က ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းလှိုင်ကတော့ ဒါဟာ ရဲစခန်းက ဖြေရှင်းရမယ့် အရေးဖြစ်တယ်လို့ ပြောပါတယ်။

“အကျိုးဖျက်ဆီးမှုနဲ့ အရေးယူလို့ရတယ် သို့သော် သွားတိုင်တဲ့ရဲ့စခန်းက အလုပ်မလုပ်ချင်တဲ့ ရဲဖြစ်နေ ရင်တော့ ရဲအရေးမပိုင်ဘူး ဆိုပြီးတော့ ညွှန်မှာပဲ ဆိုင်းဘုတ်ဖျက်ဆီးတာက ဒါအကျိုးဖျက်ဆီးတာပဲ၊ လူပုဂ္ဂိုလ်တွေ ပိုင်တဲ့ပစ္စည်း ဖျက်ဆီးခံနေရတာ အကျိုးဖျက်ဆီးမှုကို ရဲကတရားရုံးကို ဦးတိုက်သွားလျှောက်ဖို့ လိုတော့မလဲ ရဲကအလုပ် လုပ်ချင်ရင် အမှုဖွင့်လို့ရတယ်၊ အလုပ်မလုပ်ချင်ရင်တော့ တရားရုံးကို ညွှန်မှာပဲ၊ တကယ်လို့ အဲဒီဆိုင်းဘုတ်ကို ဖျက်ဆီးတာကျတော့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူး၊ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်းကြား ကော်မရှင်ကသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့ မညီတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ တိုင်းကြားခံရမှုတွေ တိုင်ကြားတဲ့အမှုတွေကိုသာ ရှင်းမှာ၊ ပြည်သူတစ်ယောက်က သူ့ဟာသူ ကြည့်မရလို့ လာပြီးတော့ ဆိုင်းဘုတ် ရိုက်ချိုးတာတော့ ဒါရဲနဲ့ပဲ ဆိုင်တယ်”

ဒီပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မဟာအောင်မြေမြို့နယ်  ရဲစခန်းကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အစိုးရရုံးစိုက်တဲ့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာလည်း NLD ရဲ့ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တွေ စက်တင်ဘာ ၁၁ ရက်နေ့က ဖျက်ဆီးခံခဲ့ရပြီး ဖျက်ဆီးတဲ့သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ပြောပါတယ်။

“မသိနားမလည်တဲ့ အရွယ်ဖြစ်နေတော့ ဒုက္ခမရောက်စေချင်ဘူး၊ လူကြီးတွေရဲ့ ညွှန်ကြားချက်နဲ့အညီ တွေ့ဆုံဆွေးနွေး နှစ်သိမ့်အားပေးတယ်၊ ရှေ့လျှောက်လည်း သူ့ကိုနစ်နာအောင် လုပ်မယ့် အစီအစဉ် မရှိပါဘူး။ တချို့တွေက အင်မတန်ကြောက်ရွံ့နေလိမ့်မယ် ၂၀၁၅ နဲ့ မတူဘူး၊ ၂၀၂၀ က ပြည်သူတွေ ဦးဆောင်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရဖို့ ဦးဆောင်ပြီးတော့ လုပ်ပေးနေတယ်၊ ပြည်သူတွေရင်ထဲမှာရှိတာ ဒီလောက် ကိုဗစ်ကြီးဖြစ်ပြီးတော့ ကြောက်နေရတဲ့ ကြားထဲက ကိုဗစ်ထက် ပိုကြောက်စရာ ကောင်းတဲ့သူတွေ အာဏာရှင်တွေ ပြန်မလာဖို့ အတွက်ကို ပြည်သူတွေကိုယ်တိုင် ဦးဆောင်လုပ်ပေးနေတဲ့ အခါကျတော့ တချို့တွေက အဲအပေါ်မှာ အင်မတန်ကို အံ့သြထိတ်လန့်ပြီးတော့ အဖျက်အမှောင့်တွေ လိုက်လုပ်နေတယ်လို့ပဲ ကျနော်ထင်တယ်”

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာလည်း NLD ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။ ဖျက်ဆီးသွားတဲ့သူကိုတော့ စုံစမ်းနေတယ်လို့ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြတ်သီတာထွန်းက ပြောပါတယ်။

“မနက်က အစောကြီး ရွာခံက ပါတီဝင်တစ်ယောက်က ဓာတ်ပုံတွေ ပို့လာတယ်။ အဲဒါ ကျွန်မတို့ ဆင်းသွား ပြီးတော့ ကျွန်မတို့ ရဲတပ်ဖွဲ့မှူးကို သတင်းပို့ထားတယ်။ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကို ကျွန်မတို့ သတင်းပို့ထားတယ်။ ဒါပေမဲ့ စုံစမ်းသိရှိရခြင်း မရှိသေးဘူးပေါ့နော်၊ ဒါကတော့ ကျွန်မတို့ စည်ပင်နယ်နိမိတ် မှာ ခွင့်ပြုချက်တောင်းပြီးတော့မှ ထောင်ထားတဲ့ဆိုင်းဘုတ် ဆိုတော့ ဒါကလည်း တရားဥပဒေ စိုးမိုးရေး အပိုင်းကတော့ ရဲတပ်ဖွဲ့ကပဲ တာဝန်ရှိတယ်ဆိုတော့ ရဲတပ်ဖွဲ့ကိုပဲ အကြောင်းကြားထားတယ်။ ကျန်တာ ကတော့ ဒီနေရာ ဆိုင်းဘုတ်ဖျက်ရင် နောက်ထပ် ထပ်လုပ်မယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေကို အကြောင်း ကြားမယ်။ အုပ်ချုပ်ရေးပိုင်းတွေကို အကြောင်းကြားမယ်။ အဖျက်အဆီးပိုင်းကတော့ ကျွန်မတို့ အမြဲ မကြည့်နိုင်ဘူးလေ။ မကြည့်နိုင်တော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ သတင်းပို့ထား တာပေါ့။ တကယ်လို့ စုံစမ်းသိရှိရမယ်ဆိုရင် ကျွန်မတို့က ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပေါ့”

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်ပင်ချောင်ကြီးကျေးရွာမှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာက ဝင်ပြိုင်မယ့် ဒေါ်မိကွန်ချမ်းရဲ့ NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံလိုက်ရပြီး ကလေးတွေ ဖျက်ဆီးတာဖြစ်တဲ့ အတွက် ဆုံးမပေးဖို့ မိဘတွေကို ပြောခဲ့တယ်လို့ ဒေါ်မိကွန်ချမ်းက RFA ကို ပြောထားပါတယ်။

မဲဆွယ်စည်းရုံးရေးကာလ တစ်ပတ်ကျော်အကြာမှာပဲ NLD ရဲ့ မဲဆွယ်စည်းရုံးဆိုင်းဘုတ်တွေ ဆက်တိုက်ဆိုသလို ဖျက်ဆီးခံရတဲ့အပေါ် NLD ပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်က အခုလို ပြောပါတယ်။

“ဒီအတွက်တော့ ကျနော်တို့ ဒါရာဇဝတ်မှုပဲ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်ချက်ဖွင့်ထားဖို့ ကျနော်တို့ ညွှန်ကြားထားပါတယ်။ တခြားနေရာတွေမှာလည်း တမင်ရည်ရွယ်ချက်နဲ့ ဖျက်ဆီးတယ်ဆို ရင်လည်း ဖျက်ဆီးတဲ့ လူကိုမိမှ သူ့ကိုစစ်မေးပြီးမှ ကျနော်တို့ ပြောနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာဟာ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့အတူ မဟုတ်ပါဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါ ကျနော်တို့ အဖွဲ့ချုပ်ကို မလိုလားတဲ့သူတချို့ ဒါမှမဟုတ် သူ့ကိုယ်ပိုင်အကြောင်းပြချက်နဲ့ ဖျက်ဆီးတာပဲ ဖြစ်ပါတယ်။ အဲဒါတော့ ခပ်စိပ်စိပ်ကလေး တွေ့လာရတာပေါ့လေ မဲဆွယ်ကာလဦးပိုင်းမှာကို”

ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်မှာရှိတဲ့ NLD ဆိုင်းဘုတ်လည်း ဖျက်ဆီးခံရတယ်ဆိုပြီး အစောပိုင်းမှာ သတင်းထွက်ခဲ့ပါတယ်။ ကိုကိုးကျွန်းဟာ လေထန်တဲ့ဒေသဖြစ်တဲ့အတွက် အဲဒီဆိုင်းဘုတ်ဟာ လေတိုက်လို့ ပျက်စီးသွားတာဖြစ်ပြီး ဖျက်ဆီးခံရတာ မဟုတ်ဘူးလို့ စုံစမ်းစစ်ဆေးမှုတွေအရ သိရကြောင်း ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အဖွဲ့က အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကတော့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာမှုတွေ မလုပ်ရသေးတဲ့အတွက် သုံးသပ်ဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“၂၀၁၅၊ ၁၇၊ ၁၈ မှာလည်းရှိခဲ့တယ် အဲဒါမျိုးလေးကတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တာတော့ မဟုတ်ပါဘူး၊ တချို့မြို့နယ်တွေမှာလည်း၊ တချို့ရွာတွေမှာလည်း ဆိုင်းဘုတ်တွေ အဖျက်ခံရတာမျိုး ပိုစတာတွေ ဖျက်ခံရတာမျိုး ရှိပါတယ်၊ အဲလိုကတော့ SNLD တို့ နောက် USDP တို့လည်း ဖြစ်ပါတယ်၊ ကျနော်တို့ သိရသလောက်ကတော့ တစ်သီးပုဂ္ဂလတွေလည်း ရှိပါတယ်၊ အဲလိုမျိုးဖြစ်တာကတော့ တစ်ခုရှိတယ် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်တာပဲရှိတယ်၊ ကြီးကြီးမားမားတော့ အဲလိုမျိုး မတွေ့ပါဘူး၊ တစ်ခုစနှစ်ခုစ အဲလိုနေရာမျိုးတွေမှာတော့ တွေ့ပါတယ်။ ဒီလိုဖျက်ဆီးခံရတာတော့ မကောင်းဘူးလေ၊ စနစ်တကျနဲ့ ရွေးကောက်ပွဲကြီး ပျက်အောင်လုပ်နေသလား အဲလိုမျိုးတော့ မဖြစ်နိုင်သေးဘူးလို့ ထင်တာပဲ စောလည်း စောသေးတော့လေ ဒါပေမဲ့ ကျနော်တို့လည်း စောင့်ကြည့်လေ့လာမှု မလုပ်ရသေးတော့ ပြောရတော့ နည်းနည်းခက်တယ်”

မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတဲ့အခြေအနေကို တင်ပြထားတာရှိ၊ မရှိနဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေ နဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ဖို့ရှိလည်းဆိုတာကို RFA က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်မေးမြန်းပေမယ့် ဒီနေ့ညနေ ၅ နာရီအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ပါတီ ၉၀ ကျော်နဲ့ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ပြိုင်မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၄၈ ရက်သာ လိုပါတော့တယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့