မွန်ပြည်သစ်နဲ့ တပ်မတော်ပဋိပက္ခ ညှိနှိုင်းဆဲ
2019.12.05
မြန်မာ့တပ်မတော်တပ်ရင်း ၂၈၄ နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်ပူးပေါင်းတပ်တို့က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်ခွင့်ရထားတဲ့ ဂျပန်ရေတွင်းရွာကို သွားရာကနေ မွန်ပြည်သစ်ပါတီတပ်ရင်း ၅ နဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ညှိနှိုင်းနေကြပါတယ်။ တိုက်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေးသွားတဲ့ အရပ်သားတစ်ထောင်နီးပါးလည်း အိမ်မပြန်ရဲကြသေးပါဘူး။
နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီးနောက် တပ်မတော်က မွန်ပြည်သစ်ပါတီရဲ့စခန်းကနေပြန်ထွက်သွားပေမယ့် ရွာနားမှာရှိနေသေးတယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။
“ အန်ကယ်တို့ မော်လမြိုင်မှာသွားဆွေးနွေးပြီးပြီလေ။ အစိုးရတပ်ဘက်က ကျနော်တို့တပ်စခန်းထဲကနေ သူတို့ဆုတ်ပေးလိုက်တယ်။ ဒါပေမယ့် ရွာထဲကလုံးလုံးတော့ မထွက်သေးဘူးပေါ့နော်။ အဲဒီရွာအပြင်ပိုင်းပေ့ါလေ ရွာအဝင်လောက်တော့ ရှိနေဦးမယ်။ ကျန်တာတော့ ထပ်ဆွေးနွေးကြရဦးမယ်”
အဲဒီနေရာဟာ ထိုင်းနဲ့မြန်မာနယ်စပ် ဘုရားသုံးဆူနားမှာဖြစ်ပြီး နှစ်နိုင်ငံနယ်ခြားမျဉ်း မသတ်မှတ်ရသေးတဲ့နေရာတချို့ ကျန်နေပါသေးတယ်။ အဲဒီနေရာကို တပ်မတော်ဘက်က လာချင်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးကို အကြောင်းကြားတဲ့အတွက် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံက ဗဟိုကော်မတီကိုတင်ပြခဲ့ပြီး တပ်ပုံစံနဲ့မဟုတ်ဘဲ အရပ်ဝတ်နဲ့ သွားခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ၂၇ ရက်နေ့မှာ တပ်မတော်ဘက်က စစ်လက်နက်အပြည့်အစုံနဲ့ ကရင်ပြည်နယ်နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်တွေနဲ့အတူ ရောက်သွားတဲ့အတွက် မွန်ပြည်သစ် ပါတီရဲ့ တပ်ရင်း (၅) အဖွဲ့ဝင်တွေက စပစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။
အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ဗျူဟာမှူးနဲ့ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာနဲနဲရသွားသလို၊ ဦးခင်မောင်ဝင်းဆိုတဲ့ အရပ်သားတယောက် ပြင်းပြင်းထန်ထန်ရသွားတယ်လို့ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းက နိုင်ကဆော့မွန်က RFA ကိုပြောပါတယ်။ ဦးခင်မောင်ဝင်းကို ထိုင်းနိုင်ငံ ကန်ချနဘူရီဆေးရုံကို ပို့လိုက်ရတယ်လို့ပြောပါတယ်။ နောက်ပိုင်းမှာတော့ မွန်ပြည်သစ်ပါတီဘက်က အင်အားနည်းတဲ့အတွက် တပ်ဖွဲ့ဝင်တွေဆုတ်ပေးလိုက်တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲပြီးတဲ့နောက် မွန်ပြည်သစ်ပါတီရဲ့စခန်းကို တပ်မတော်က သိမ်းပိုက်ခဲ့တယ်လို့ မွန်ပြည်သစ် ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။
“ ပုံမှန်အားဖြင့် NCA သဘောအရ အဲဒီလို သဘောတူညီမှု မရှိဘဲနဲ့ ဝင်လု့ိမရဘူး။ သူတို့ကဝင်လာတော့ ပထမဆုံး စောင့်နေတဲ့ဂိတ်က ပစ်လိုက်တယ်။ သူတို့ နှစ်ယောက် သုံးယောက်ထိသွားတယ် သူတို့ဆုတ်သွားတယ်။ ဆုတ်သွားပြီးတဲ့နောက် အဲဒီလာတဲ့တပ်တွေက ဒို့စခန်းကို သိမ်းလိုက်တယ်။ ပစ်တဲ့လူကို သူတို့ကိုအပ်ပါတဲ့။ ပစ်တဲ့သူတွေက လူငယ်တွေ။ အထက်အမိန့်အရလုပ်ရတဲ့ကိစ္စလေ။ ခွင့်ပြုချက်မရဘဲ သူတို့ဝင်လာတာဆိုတော့ ပစ်တဲ့လူက အမှားမဟုတ်ဘူးလို့ ကျနော်တို့မြင်တယ်” လို့ နိုင်ဟံသာက ပြောပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်ကြား ပဋိပက္ခနဲ့ပတ်သက်ပြီး “ အဓိကကတော့ သူတို့စပစ်လို့ ဖြစ်တာဗျ။ ကျနော်တို့သွားစစ်တဲ့ဟာကို ကြိုတင်လဲ ပြောထားပြီးသားပေါ့လေ။ ဒါကိုစပစ်တာဆိုတော့ သူတို့မှာ အကြောင်းအချက်တခုခုဖြစ်မှာပေါ့။ အသေးစိတ်တော့ ကျနော်မဝေဖန်တော့ပါဘူး။ ဒါနဲ့ပတ်သက်လို့ မဖြေရှင်းနိုင်စရာပြဿနာမဟုတ်ပါဘူး ” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။
ဒီတိုက်ပွဲကြောင့် အဲဒီအနားတဝိုက်က ဂျပန်ရေတွင်းရွာ၊ ကြံတောရွာနဲ့ မွန်တပ်ရင်း ၃ ရွာတို့က ဒေသခံ ၁ ထောင်နီးပါး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြပါတယ်။ အဲဒီထဲက အယောက်တရာကျော်လောက်က ရာဘာခြံတွေနဲ့ ဘုန်းကြီးကျောင်းတချို့မှာ နေနေကြပြီး၊ အယောက်ခုနှစ်ရာကျော်က မီးသွေးဖိုဘုန်းကြီးကျောင်းတွေမှာ နေနေကြရတယ်လို့ သိရပါတယ်။
“ မွန်ပြည်သစ်ပါတီက အစိုးရတပ်နဲ့ နှစ်ကြိမ်အပစ်ရပ်ခဲ့တယ်။ ၁၉၉၅ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့်တို့ ခေတ်ကတကြိမ်၊ ၂ဝ၁၂ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ တကြိမ်၊ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ အဲဒီသဘောတူစာချုပ်မှာ ဂျပန်ရေတွင်းရွာရဲ့ ၅ မိုင် ပတ်လည်ကို မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအဖြစ်အစိုးရကရော တပ်မတော်ကပါ သဘောတူခဲ့တာ။ အခုထွက်ပြေးရတဲ့သူတွေက ဂျပန်ရေတွင်းရွာကတင် မဟုတ်ဘူး။ ကြံတောနဲ့ တပ်ရင်း ၃ ရွာတွေက လူတွေလဲ ထွက်ပြေးရတယ် ” လို့ မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက နိုင်ကဆော့မွန်က ပြောပါတယ်။
ထွက်ပြေးသွားတဲ့ ကျေးရွာသားတွေနဲ့ပတ်သက်ပြီး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကတော့ ....
“ အဲဒီဘက်က ရွာတွေကတော့ ဟိုဘက်ဒီဘက်အမြဲတမ်းကူးနေတာပဲ။ နေ့ချင်းပြီးလက်မှတ်တွေနဲ့ ကူးနေတာရှိတယ်။သွားနေတာရှိတယ်။ တခုခုဖြစ်ရင်အဲဒီဘက်က လမ်းပန်းဆက်သွယ်မှုလွယ်တာကိုး။ အခြေအနေတည်ငြိမ်သွားရင် ပြန်ဝင်လာတာတို့ ရှိမှာပါ ” လို့ပြောပါတယ်။
လောလောဆယ် တိုက်ပွဲမရှိတော့ပေမယ့် ဂျပန်ရေတွင်းရွာရဲ့ ကိုက်သုံးရာအကွာမှာပဲ တပ်မတော်ဘက်က ရှိနေသေးသလို၊ မွန်ပြည်သစ်ပါတီက တပ်တွေလဲ ရွာနားမှာရှိနေသေးတယ်လို့ သိရပါတယ်။
ဒါကြောင့် ထွက်ပြေးသွားတဲ့အရပ်သား ၉ဝဝ ကျော်ဟာ နေအိမ်မပြန်ရဲသေးဘဲ အခြေအနေ စောင့်ကြည့်နေကြပါတယ်။ ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး ထိုင်းဒေသခံအာဏာပိုင်တွေနဲ့ ကြက်ခြေနီတွေက ဒုက္ခသည်တွေကို ကူညီပေးနေပါတယ်။
အဲဒီဒုက္ခသည်တွေ စားသောက်ရေးအတွက် မြန်မာနိုင်ငံသားတွေပဲ လှူဒါန်းကူညီထားတယ်လို့ သူတို့ကို လက်ခံစောင့်လျှောက်ထားတဲ့ မီးသွေးဖိုကျောင်းတိုက်ဆရာတော် ဦးဇာဂရက RFA ကိုပြောပါတယ်။ ရွာထဲမှာလဲ ရွာစောင့်အိမ်စောင့်အနေနဲ့ အမျိုးသားတချို့ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။