ကာကွယ်ရေးဦးစီးချုပ်(ရေ) အပြောင်းအလဲမရှိဘူးလို့ စစ်ကောင်စီ ထုတ်ပြန်

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ရုရှား ဒုတိယရေတပ် ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN တို့ နေပြည်တော်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ရုရှား ဒုတိယရေတပ် ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN တို့ နေပြည်တော်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။ (Myanmar Military)

ကာကွယ်ရေးဦးစီးချုပ်(ရေ)ကို အပြောင်းအလဲလုပ်တာ မရှိဘူးလို့ စစ်ကောင်စီက သြဂုတ်လ ၂၇ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နဲ့ အစားထိုး တာဝန်ပေးလိုက်သလို ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ ဆက်စပ်နေတဲ့ United Amara Bank (UAB) ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် စစ်ကောင်စီက အခုလို သတင်းထုတ်ပြန်လာတာပါ။

UAB ဘဏ်ကိုလည်း စုံစမ်းစစ်ဆေးနေတာ မရှိဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

UAB ဘဏ်ကလည်း ဗိုလ်ချုပ်ကြီး မိုးအောင်ဟာ ပိုင်ရှင်၊ ရှယ်ယာရှင် မဟုတ်သလို ဘဏ်နဲ့လည်း ဆက်စပ်မှုမရှိဘူးလို့ ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar (JFM) ကတော့ UAB ဘဏ်ဟာ စစ်တပ်ကို ငွေကြေး ကူညီထောက်ပံ့နေတဲ့ International Group of Entrepreneur Co. Ltd (IGE) ကုမ္ပဏီလုပ်ငန်းစုနဲ့ ဆက်စပ်နေတယ်လို့ ၂၀၂၂ ခုနှစ် ဩဂုတ်လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

IGE ကုမ္ပဏီလုပ်ငန်းစုကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့ အစ်ကိုဖြစ်သူ ဦးနေအောင်က ပိုင်ဆိုင်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှု လုပ်ခဲ့ပါတယ်။