ကရင်ပြည်နယ်က အွန်လိုင်းလိမ်လည်ဂိုဏ်းနဲ့ မပတ်သက်ကြောင်း မလေးရှား ဒု-ဝန်ကြီးဟောင်း ငြင်းဆို

RFA Burmese
2024.08.29
ကရင်ပြည်နယ်က အွန်လိုင်းလိမ်လည်ဂိုဏ်းနဲ့ မပတ်သက်ကြောင်း မလေးရှား ဒု-ဝန်ကြီးဟောင်း ငြင်းဆို လောင်းကစားရုံများရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
Photo: RFA

စစ်တပ်နဲ့ ဆက်စပ်တဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ပါဝင်ပတ်သက်တာ မရှိဘူးလို့ မလေးရှား ဒု-ဝန်ကြီးဟောင်း Datuk Mashitah Ibrahim က ငြင်းဆိုလိုက်တယ်လို့ MalayMail သတင်းက သြဂုတ် ၂၉ ရက်က ဖော်ပြပါတယ်။

သူနဲ့ ခင်ပွန်းတို့ဟာ ကရင်ပြည်နယ်က အွန်လိုင်းငွေလိမ်ခြံဝင်းတစ်ခုဖြစ်တဲ့ Dongmei Park လုပ်ငန်းမှာ ပါဝင်ပတ်သက်တယ်လို့ စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) က ဒီနှစ် ဇူလိုင် ၂၂ ရက်က ဖော်ပြခဲ့တာကို ငြင်းဆိုတာပါ။

သတင်းမှာ သူဟာ ၂၀၂၀ ပြည့်နှစ်က Dongmei Park ကို အလည်အပတ် ရောက်ရှိခဲ့တယ်လို့ ရေးထားပါတယ်။ JFM ကလည်း သူ့ဓာတ်ပုံဖော်ပြထားပြီး ဒါဟာ သူ့မိတ်ဆွေ တစ်ယောက် လုပ်ကိုင်နေတဲ့ စီမံချက်မှာ မိတ်ဆွေက ဓာတ်ပုံရိုက်ဖို့ခေါ်လို့ ရိုက်ထားတာလို့ ဒု-ဝန်ကြီးဟောင်းက သူ့လူမှုကွန်ရက်ကနေ ရှင်းပါတယ်။

ဟောင်ကောင်မှတ်ပုံတင်ကုမ္ပဏီ Dongmei Group ဟာ မလေးရှားနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေပြီး မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ခြံလုပ်ငန်းကြီးအတွက် မလေးရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေဆီက ဘဏ္ဍာငွေတွေ ရှာဖွေပေးတယ်လို့ JFM က ပြောထားပါတယ်။

မြန်မာ စစ်တပ်မဟာမိတ် ကရင်နယ်ခြားစောင့်တပ်နဲ့ ဆက်စပ်တဲ့ ရထိုက်မြို့သစ်နဲ့ Dongmei Park စီမံချက်တွေမှာ မလေးရှားနိုင်ငံသားတွေ အဓိက အခန်းကဏ္ဍက ပါဝင်တယ်လို့ JFM က စွပ်စွဲထားပါတယ်။

ဒုဝန်ကြီးဟောင်းတို့ ဇနီးမောင်နှံရဲ့ မှတ်တမ်းရရှိထားပြီး သက်သေတွေ ထပ်မံရှာဖွေနေတယ်လို့ မလေးရှား ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးချုပ်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ မလေးရှားနိုင်ငံတကာ လူသားချင်းစာနာရေးအဖွဲ့ (MHO) က သြဂုတ် ၂၈ ရက်က တိုက်တွန်းပါတယ်။

မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုလည်း MHO က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တင်သွင်းတာကို JFM က ကြိုဆိုတယ်လို့ Malaysiakini က သြဂုတ် ၂၉ ရက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။